ဘော်နာကိုရစ်ကို အနိုင်ယူပြီး ဂျိုကိုဗစ် ရှန်ဟိုင်းမာစတာဖလား ဆွတ်ခူး၊ ကမ္ဘာ့အဆင့် (၂) ဖြစ်လာ

ဆားဘီးယားတင်းနစ် ချန်ပီယံ ဂျိုကိုဗစ်သည် ပြိုင်ပွဲဝင် အဆင့် (၁၃) သတ်မှတ်ခံရသော ခရိုအေးရှားမှ ဘော်နာကိုရစ်ကို အပြတ်အသတ်နိုင်ကာ ၎င်း၏ စတုတ္ထမြောက် ရှန်ဟိုင်းမာစတာ ဖလားကို ဆွတ်ခူးခဲ့သည်။

စနေနေ့က ဆီမီးတွင် ရော် ဂျာဖက်ဒဲရာကို မထင်မှတ်ဘဲ အ နိုင်ရကာ မာစတာတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံး တက် ရောက်နိုင်ခဲ့သော ကိုရစ်(၂၁)နှစ်သည် ဂျိုကိုဗစ်ကို ၆-၃၊ ၆-၄ ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။

ပြိုင်ပွဲအဆင့်(၂) သတ်မှတ် ခံရသည့် ဂျိုကိုဗစ် (၃၁) နှစ်သည်  ၎င်း၏ တင်းနစ်သမားဘဝတစ် လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့သော (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅ နှင့် ၂၀၁၈) ရှန်ဟိုင်းမာစတာဗိုလ်လု ပွဲ လေးပွဲစလုံး အနိုင်ရခဲ့သည်။ ၎င်းသည် ယခင်က ရှန်ဟိုင်းမာ စတာဖလားကို အန်ဒီမာရေးနှင့် အတူ သုံးကြိမ်စီ ပူးတွဲစံချိန်တင် ရရှိခဲ့သည်။

ဂျိုကိုဗစ်သည် တရုတ်နိုင်ငံတွင် ကစားခဲ့သမျှ ဗိုလ်လုပွဲများ ၌ ၁၁-၀ နိုင်ပွဲရလဒ် ပိုင်ဆိုင်ထားပြီး ဘေဂျင်း တင်းနစ်ပြိုင်ပွဲခြောက်ကြိမ် အနိုင်ရထားသည်။

‘‘ကျွန်တော်ဟာ အရင်ဘဝ က တရုတ်လူမျိုးဖြစ်ကောင်းဖြစ် ခဲ့ပါလိမ့်မယ်’’ဟု ဂျိုကိုဗစ်က ပြုံးရယ်လျက် ပြောကြားသည်။

၎င်းကို ရှုံးနိမ့်ခဲ့သူ ကိုရစ်က ‘‘တကယ်ခက်ခဲခဲ့ပါတယ်။ ကျွန်တော် ကစားနေတာ တကယ် ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အမှန်မှာ မကောင်းပါဘူး’’ ဟု ပြောသည်။

ဂျိုကိုဗစ်သည် ယခုရာသီတွင် ဖလားလေးလုံးရထားပြီးဖြစ်ကာ ကမ္ဘာ့အဆင့် (၂) သို့ တက်လှမ်းလာပြီး ဖယ်ဒဲရာက အဆင့် (၃)သို့ ရောက်သွားသည်။

—Ref: BBC/ESPN