ရာသီဥတုဆိုင်ရာ ဘေးဒုက္ခဆိုးတွေကြောင့် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုတန်ဖိုး အဆမတန် မြင့်တက်လာဟု ကုလ ပြော

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုအတွင်း ရာသီဥတုနဲ့ သက်ဆိုင်တဲ့ သဘာဝဘေးဒုက္ခဆိုးတွေကြောင့် ကမ္ဘာ့စီးပွားရေး အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂ ဒသမ ၂၅ ထရီလီယံအထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂက အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ယင်းပမာဏတန်ဖိုးဟာဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကနဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၁၅၀ ကျော်ထိ မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးမှုနဲ့ မုန်တိုင်း တိုက်ခတ်မှုလိုမျိုး  ရာသီဥတု ဖြစ်စဉ်တွေရဲ့ ဖြစ်ပွားမှု အကြိမ်နှုန်းရော၊ အတိုင်းအတာပမာဏကိုပါ မြင့်တက်စေလျက်ရှိနေတယ်ဆိုပြီး ကုလသမဂ္ဂ သဘာဝဘေး အန္တရာယ် ဆိုးကျိုး လျှော့ချရေး ရုံး (UNISDR) က မှတ်ချက်ပြုသွားပါတယ်။

၁၉၇၈ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်အကြား ကာလအတွင်း ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဘေးအန္တရာယ်တွေကြောင့် စုစုပေါင်း ဆုံးရှုံးထိခိုက်မှု တန်ဖိုးဟာ ကန်ဒေါ်လာ ၈၉၅ ဘီလီယံ သာ ရှိခဲ့ကြောင်း UNISDR က ယခုထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

သို့ပေမယ့်လည်း ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ ကြားကာလမှာတော့ ယင်း ဆုံးရှုံးမှုတန်ဖိုးပမာဏဟာ ကန်ဒေါ်လာ ၂ ဒသမ ၂၅ ထရီလီယံထိတောင် မြင့်တက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယတို့ကတော့ ရာသီဥတု ဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု အများဆုံး နိုင်ငံတွေဖြစ်နေတယ်လို့လည်း သိရပါတယ်။

-Ref; AFP