မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲ ကျင်းပ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် အစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မင်းပြားမြို့ ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဦးဦးဘသိန်း၊ ခရိုင်ကော်မတီဝင် ဦးသခင်ချို ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးဦးဘစိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် ဦးဦးဘသိန်းမှ ပါတီဝင်များအား စည်းလုံးညီညွတ်ကြရန်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် အမာခံများအနေဖြင့် ဆက်လက်ရပ်တည်ပေးကြရန်၊ ရေးရာကော်မတီများ ဖွဲ့စည်းထားသည့် အနက် လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတို့သည် အရေးကြီးသည့် ရေးရာကဏ္ဍများဖြစ်ကြောင်းနှင့် မမှိတ်မသုန် ဆောင်ရွက်သွားရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကော်မတီဝင် ဦးသခင်ချိုမှလည်း မိမိပါတီဝင်များအနေဖြင့် Social Mobilization (လူမှုရေးကဏ္ဍ တို့တွင် ပါဝင်လှုပ်ရှားကြရန်) တို့ကို ပြောကြားပြီး၊မြို့နယ်ဘဏ္ဍာရေးမှူး ဦးဦးဘစိန်မှ မိမိတို့ပါတီသည် အမျိုးဘာသာသာသနာကို စောင့်ရှောက်သည့်ပါတီဖြစ်ကြောင်းနှင့် ပါတီ၏ငွေကြေးကိစ္စရပ်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းမှ USDP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေး ရရှိနိုင်ရန် ရရှိစေရန်နှင့် NLD ပါတီသည် လက်ရှိနိုင်ငံရေးအခြေအနေတွင် ပြည်သူလူထုနှင့် ရင်ချင်းချိတ်ဆက်၍ မရနိုင်တော့ကြောင်းတို့ကို အသေးစိတ် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ပါတီတွင် လစ်လပ်လျက်ရှိသော မြို့နယ်ကော်မတီဝင် (၃) ဦး အရံကော်မတီဝင် (၅) ဦးတို့ကို တက်ရောက်လာသူ ကော်မတီဝင်များ အရံကော်ဝင်များ ရပ်/ကျေးများမှ ရွေးချယ်တင်မြှောက်ကြပြီး၊ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ပါတီလုပ်ငန်းများကို တညီတညွတ်တည်း ဆောင်ရွက်ကြရန်၊ ပြည်သူလူထုနှင့် အမြဲမပြတ်ထိတွေ့ပြီး ကူညီပေးသင့်သည့်အရာများကို ကူညီဆောင်ရွက်ကြရန်၊ ပါတီအောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြသည်။

 ထွန်းကိုနိုင် (မင်းပြား)