အာဖဂန်တွင် စစ်အခြေစိုက်စခန်း တည်ဆောက်နေ ဆိုသည့်သတင်း တရုတ်ငြင်းဆို

အာဖဂန်နစ္စတန်နိုင်ငံထဲမှာ စစ်တပ်အခြေစိုက်စခန်းတခု တည်ဆောက်နေတယ်ဆိုတဲ့ သတင်းကို တရုတ်အစိုးရက သြဂုတ် ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

တရုတ်အစိုးရဟာ အာဖဂန်တပ်တွေအတွက် သင်တန်းပေးတဲ့ စခန်းတခု တည်ဆောက်နေပြီး တရုတ်စစ်သားတွေကိုပါ စေလွှတ်နိုင်တယ်လို့ ဟောင်ကောင်သတင်းစာ တစောင်က ရေးသားအပြီးမှာ ခုလို ငြင်းဆိုလိုက်တာပါ။

တရုတ်-အာဖဂန် နှစ်နိုင်ငံလုံးကို ချိတ်ဆက်ထားတဲ့၊ ကျဉ်းမြောင်းတဲ့ ဝါခန် စင်္ကြံန်လမ်းမှာ စခန်းတည်ဆောက်နေတယ်လို့ အမည်မဖော်လိုတဲ့ တရုတ်စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး The South China Morning Post သတင်းစာက ရေးခဲ့တာပါ။

ဒီအစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပယ်ချလိုက်ပြီး သတင်းစာပါ အချက်တွေ မမှန်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မနှစ်က တရုတ်အစိုးရဟာ အာဖရိက ဦးချိုစွန်းနိုင်ငံ ဒီဘောင်တီ (Djibouti) မှာ ပြည်ပ စစ်တပ်အခြေစိုက်စခန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။

တရုတ်ဟာ တခြား နိုင်ငံခြားစစ်စခန်းတွေအတွက် အစီအစဉ်တွေအားလုံးကို ငြင်းခဲ့ဖူးပါတယ်။

အမေရိကန်ကတော့ တရုတ်ဟာ နောက်ထပ် စစ်စခန်းတွေ ပိုဆောက်ဦးမယ်လို့ မျှော်လင့်ထားပြီး ဖြစ်နိုင်ချေရှိတဲ့ နေရာကတော့ ပါကစ္စတန်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

DVB