ရွှေ့ပြောင်း ဗင်နီဇွဲလား ပြည်သူများ အလုံးအရင်း ဝင်ရောက်မှုကြောင့် နယ်စပ်သို့ ဘရာဇီး စစ်တပ်များစေလွှတ်

ဗင်နီဇွဲလားဖက်မှ ရွှေ့ပြောင်း အခြေချသူများ အုံနှင့်ကျင်းနှင့် ဝင်ရောက်နေမှုကို ကြပ်မတ် ကိုင်တွယ်ရန် နယ်စပ်သို့ စစ်တပ်များ စေလွှတ်သွားမည်ဟု ဘရာဇီး အစိုးရက ကြေညာခဲ့သည်။

ဗင်နီဇွဲလားတွင် စီးပွားရေး ချွတ်ခြုံကျမှု၊ ငွေကြေး ဖောင်းပွမှု၊ စားနပ်ရိက္ခာ ရှားပါးမှုများကြောင့် နိုင်ငံသား အများအပြား ပတ်ဝန်းကျင် နိုင်ငံများသို့ ပြောင်းရွှေ့ ခိုလှုံလာကြခြင်းက ဒေသတွင်း ပြဿနာကြီးတစ်ခု အသွင်ကို ဆောင်လာသည်။ ပီရူးတွင် ရွှေ့ပြောင်းဝင်ရောက်သူ များပြားမှုကြောင့် ကျန်းမာရေး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသလို ကိုလံဘီယာတွင်လက် အခက်အခဲများ ကြုံနေသည်။

ဘရာဇီးတွင်မူ ဝင်ရောက်လာသူများနှင့် ဒေသခံများကြား ပဋိပက္ခအချို့ ပေါ်ပေါက်ပြီး နယ်စပ်တွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ နယ်စပ် လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေးကို ထိန်းချုပ်ထားရန်အတွက် ဘရာဇီး သမ္မတ မစ်ချယ်လ် တမ်မာက စစ်တပ်များ စေလွှတ်ရန် အထူးအမိန့် တစ်ရပ်ကို ဩဂုတ် ၂၈ ရက်က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့သည်။

တောင်အမေရိက နိုင်ငံများသို့ ဗင်နီဇွဲလား ပြည်သူများ အစုအပြုံလိုက် ပြောင်းရွှေ့ ဝင်ရောက်လာခြင်းသည် ပထဝီဝင် နိုင်ငံရေး အကျပ်အတည်း တစ်ရပ်အသွင် ဆောင်လာသည်။ တမ်မာက ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရို၏ စီမံကိုင်တွယ်မှု အားနည်းပုံကို ပြစ်တင် ဝေဖန်ထားသည်။

“ဗင်နီဇွဲလားရဲ့ ပြဿနာ ဆိုတာက ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘူး။ အခုဆိုရင် တောင်အမေရိကတိုက် တစ်ခုလုံးရဲ့ တည်ငြိမ်မှု၊ လိုက်လျောညီထွေ ရှိမှုကိုပါ ခြိမ်းခြောက်လာနေပြီ”ဟု ၎င်းက ဆိုသည်။ ဗင်နီဇွဲလား ပြည်သူများ အဓိက ရွှေ့ပြောင်းသည့် နိုင်ငံများမှာ ပီရူး၊ ကိုလံဘီယာနှင့် ဘရာဇီးတို့ ဖြစ်ကြသည်။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာ မြို့တော်တွင်လည်း လက်ရှိ အခြေအနေကို မည်သို့ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း အစိုးရအဖွဲ့ အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref: Reuters