မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်

ဝါရှင်တန်၊ သြဂုတ် ၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးဟာ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်အဖြစ် စတီဗင်ဘက်ဂန်းကို ခန့်အပ်ကြောင်း သြဂုတ် ၂၃ ရက်က ကြေညာပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လုံးဝဖျက်သိမ်းရေး အာမခံရရှိရေးကို ရည်သန်ပြီး Ford Motor ကုမ္ပဏီရဲ့ နိုင်ငံတကာအစိုးရဌာနဆိုင်ရာများ ဆက်ဆံရေး ဒုတိယဥက္ကဌဖြစ်တဲ့ ဘက်ဂန်းကို ခုလို ခန့်အပ်တာပါ။

ပြည်ပအစိုးရတွေနဲ့ ဆက်ဆံရေးမှာ အတွေ့အကြုံရှိတဲ့ ဘက်ဂန်းကို အထူးသံတမန်အဖြစ် ခန့်အပ်ပြီး လာမယ့်သီတင်းပတ်မှာ ပွန်ပဲယိုးနဲ့ မြောက်ကိုရီးယားကို သွားရောက်ရာမှာ လိုက်ပါမှာလည်း ဖြစ်ကြောင်း ကြေညာပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြောက်ကိုရီးယားကို ဖိအားပေးတဲ့ လုပ်ငန်းစဉ်တွေ အကောင်းဆုံး လုပ်ဆောင် ထားပြီးပါပြီ။ စင်ကာပူမှာ ပထမဆုံး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖြစ်တဲ့အထိကို   ဖော်ဆောင်နိုင်ခဲ့တယ်။ ခုချိန်မှာတော့ မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ၊ သံခင်းတမန်ခင်း ဆက်ဆံမှုတွေကို စတီဗင်က ဦးဆောင်ပါလိမ့်မယ်။”လို့ ပွန်ပဲယိုးက ပြောပါတယ်။

စတီဗင်ဘက်ဂန်းဟာ သမ္မတ ဂါရက်ဖို့ဒ်လက်ထက် အစိုးရအဖွဲ့အတွင်းမှာလည်း ပါဝင်ခဲ့သလို ဂျော့ဒဗလျူဘုရှ်ရဲ့ သမ္မတ ပထမသက်တမ်းအတွင်း အမျိုးသားလုံခြုံရေးအကြံပေး ကွန်ဒိုလီဇာရိုက်ရဲ့ အကြံပေးသူ တစ်ဦး အဖြစ်လည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

-Ref; AFP