အရောင်ဆန်းသစ်ထားတဲ့ ချန်ပီယံလိဂ်ဘောလုံး

၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးအသစ်ကို အက်ဒီးဒက်စ်ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဘောလုံး စပွန်ဆာအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘာ့ထိပ်တန်း အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ အက်ဒီးဒက်စ်ဟာ အပြာရောင်အောက်ခံပေါ်မှာ အဖြူရောင်ကြယ်ပွင့် တွေနဲ့ ဒီဇိုင်းထွင်ထားတဲ့ ထူးခြားတဲ့ ဘောလုံးအသစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒါဟာ အက်ဒီးဒက်စ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာအသုံးပြုဖို့ ထုတ်လုပ်တဲ့ ၁၇ ခုမြောက် ဘောလုံးသစ်ဖြစ်ပြီး ပုံမှန်ဆိုရင် အဖြူနဲ့ အနက်ရောင်ကိုသာ အသုံးပြုခဲ့တာဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အပြာရောင်နဲ့ ဒီဇိုင်း ဆန်းသစ်ထားတာပါ။ ဘောလုံးသစ်မှာအသုံးပြုထားတဲ့ အပြာရောင်ဟာ ချန်ပီယံလိဂ်လိုဂိုက အပြာရောင်နဲ့ တူညီပြီး အဖြူရောင်ကြယ်ပွင့်တွေမှာတော့ ဘောလုံးကိုထိန်းသိမ်းရာမှာ ပိုမိုအထောက်အပံ့ ဖြစ်စေမယ့် ဓာတု ပစ္စည်း အလွှာတစ်ခုကို ဖန်တီးထားတယ်လို့ အက်ဒီးဒက်စ်က ကြေညာခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲတွေမှာတော့ ဒီဘောလုံးသစ်ကို အသုံးပြုဦးမှာမဟုတ်ဘဲ လာမယ့် စက်တင်ဘာလအတွင်းမှာ ကစားမယ့် အုပ်စုအဆင့်ပွဲစဉ်တွေကျမှသာ စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

-Ref; Sky sports