မော်ရင်ဟို၏ ၀င်ငွေမှာ ပြိုင်ဘက်နည်းပြ ဂွါဒီယိုလာထက် နှစ်ဆခန့် ပိုများနေပြီး ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နည်းပြ အဖြစ် ရပ်တည်

မန်ယူအသင်းနည်းပြ မော်ရင်ဟို၏ ၀င်ငွေမှာ မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ထက် နှစ်ဆခန့် ပိုများနေပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနည်းပြအဖြစ် ရပ်တည်နေကြောင်း သိရသည်။

 

ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ ဖော်ပြချက်အရ ၂၀၁၆-၁၇ ရာသီတွင် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို၏ ၀င်ငွေမှာ ပေါင်(၂၄.၂)သန်း ရှိနေပြီး အခြား မည်သည့်နည်းပြထက်မဆို ၀င်ငွေပိုကောင်းနေခြင်းဖြစ်သည်။ မော်ရင်ဟိုသည် မန်ယူအသင်းထံမှ တစ်နှစ်လစာ ပေါင်(၁၅)သန်း ရရှိနေသလို၊ စပွန်ဆာဝင်ငွေလည်း များစွာရရှိနေကြောင်း သိရသည်။ မော်ရင်ဟိုနှင့် စာချုပ်ထားသည့် ကုမ္ပဏီများတွင် Heineken ၊ Hublot ၊ Jaguar ၊ BT Sport ၊ Adidas ၊ Atlantis hotels ၊ EA Sports အစရှိသည့် နာမည်ကြီး ကုမ္ပဏီများ ပါဝင်လျက်ရှိသည်။

မော်ရင်ဟို၏ နောက်တွင် တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေသည့် အီတလီလူမျိုးနည်းပြ လစ်ပီက ပေါင်(၂၀.၃)သန်းဖြင့် ဒုတိယလိုက်နေပြီး တတိယနေရာတွင် အသင်းလက်မဲ့ဖြစ်နေသည့် ပြင်သစ်လူမျိုးနည်းပြ လောရင့်ဘလန့်က ပေါင်(၁၇.၃)သန်းဖြင့် ရပ်တည်နေသည်။ လောရင့်ဘလန့်သည် အသင်းလက်မဲ့ ဖြစ်နေ သော်လည်း PSG အသင်းမှ ထုတ်ပယ်ခံရချိန်က ရရှိခဲ့သည့် လျော်ကြေးကြောင့် ယခုစာရင်းတွင် တတိယနေရာ၌ ရှိနေခြင်းဖြစ်သည်။

စတုတ္ထနေရာတွင် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်နေသည့် အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက ပေါင်(၁၃.၇)သန်းဖြင့် ရပ်တည်နေပြီး မန်စီးတီးအသင်းကို ကိုင်တွယ်နေသည့် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာမှာ ပေါင်(၁၂.၅)သန်းဖြင့် ပဉ္စမနေရာ၌သာ ရပ်တည်ခဲ့သည်။

Ref: DailyMail