ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်ရှုအားပေးရန် ထိုင်းကလေးငယ် ၁၂ ဦးကို ဖီဖာဖိတ်ကြား

လိုဏ်ဂူထဲတွင် သီတင်း နှစ်ပတ်ခန့် ပိတ်မိနေသော ထိုင်း လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏နည်းပြကို ဇူလိုင် ၁၅ ရက်၌ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်အားပေးရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဖိတ်ကြားခဲ့ကြောင်း ထိုင်းဘောလုံး အဖွဲ့ချုပ်က တရားဝင်ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ပြောသည်။
ဇွန်လ ၂၃ ရက်က ယင်းလူငယ် ၁၂ ဦးနှင့် နည်းပြတစ်ဦးသည် သမ်လောင်လိုဏ်ဂူထဲ လေ့လာစူးစမ်းရန် ဝင်ရောက်ပြီးနောက် ရေဝင်လာသောကြောင့် လိုဏ်ဂူထဲတွင် ၁၀ ရက်ကြာပိတ်မိခဲ့သည်။ ထို့နောက် ဗြိတိန် ရေငုပ်သမားများက ၎င်းတို့ကို အသက်ရှင်လျက် ပြန်ရှာတွေခဲ့သည်။

၎င်းတို့ကို ကယ်ဆယ်သည့် စစ်ဆင်ရေးသည် ယခုအချိန်အထိ မပြီးသေးဘဲ နောက်ဆက်တွဲ အကူအညီများ ပံ့ပိုး ပေးနေသည်။

‘‘ဒီလိုခက်ခဲတဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ဘက်က စကားလုံးတွေနဲ့ အားပေးတာဟာ သူတို့အတွက် နည်းနည်းလေးပဲဖြစ်ဖြစ် ငြိမ်းချမ်းမှုနဲ့သတ္တိ ရှိမှုဖြစ်စေမယ်လို့ ကျွန်တော်တို့ တစ်နည်းနည်းနဲ့ မျှော်လင့်ပါတယ်။ အားလုံးမျှော်လင့်ထားသလို လာမယ့်ရက်အတွင်းမှာ အဲဒီကလေးငယ်တွေအနေနဲ့ ဂူအပြင် ပြန်ထွက်နိုင်ပြီး သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံစည်းနိုင်ခဲ့ရင်၊ ကျန်းမာရေးကလည်း ခရီးသွားခွင့်ပေးမယ်ဆိုရင် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ သူတို့ကို ဧည့်သည်အဖြစ် ဖိတ်ကြားလို့ရရင် ဖီဖာအနေနဲ့ ဝမ်းသာမိမှာပါ’’ဟု ထိုင်းဘောလုံး အဖွဲ့ချုပ်ထံ လိပ်မူပေးပို့သောစာတွင် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ရေးသားထားသည်။

—Ref:FourFourTwo