ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းများ ဇူလိုင် ၉ ရက် စတင်ကြေညာမည်

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းများကို ဇူလိုင် ၉ ရက်တွင် စတင်ကြေညာမည်ဖြစ်ပြီး မဲစာရင်းလာရောက် ကြည့်ရှုရန်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံထားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၉၀၄,၆၃၂ ဦး ရှိကြောင်း ကော်မရှင်ပြောရေးဆို ခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၂၈ ရက်၌ ပြောသည်။

မဲစာရင်းကို ပထမအကြိမ် အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၉ ရက်မှ ၂၂ ရက်အထိ ၁၄  ရက်ကြာ ကြေညာထားမည် ဖြစ်ကြောင်း ကော်မရှင်၏ ယမန်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်း၌ အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါကပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်ခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း ကော်မရှင်က ထုတ်ပြန် သည်။ လိုအပ်သောပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူ နိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်း နောက်ဆုံးအကြိမ် ကြေညာမှုကို အောက်တိုဘာအတွင်း ပြုလုပ်မည်ဖြစ်ကာ မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများထပ်မံဆောင်ရွက်နိုင်ကြောင်း ကော်မရှင်ကဆိုသည်။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုခြင်း ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြောင်း   ကော်မရှင် ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။ လစ်လပ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်လေးနေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ် နေရာနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်လွှတ်တော်   မဲဆန္ဒနယ်ရှစ်နေရာအတွက် ကြားဖြတ်ရွေး ကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းကို ဧပြီ  ၁၉ ရက်က စတင်၍ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင်  ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။ ‘‘ပြည်ပရောက် မဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့အတွက်က တော့ ပုံစံ (၁၅) နဲ့ တောင်းထားပါတယ်’’ ဟု ၎င်းကဆက်လက်ပြော ကြားသည်။

၂၀၁၇ တွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ကြိမ် ပြုလုပ်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၄၂ ပါတီမှ ကိုယ်စားလှယ် ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲငါးကြိမ် ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၎င်းတို့ ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲမှအပ  ကျန်ရွေးကောက်ပွဲများ၌ အများစုအနိုင်ရရှိသည်။