မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပျော့ပျောင်းလာသည့်အတွက် ရုရှားမှ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း နိုင်တော့မည်ဟု မွန်ဂျေးအင် ပြော

ဆိုး ဇွန် ၂ဝ

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပျော့ပျောင်းလာသည့်အတွက် ရုရှားနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနိုင်တော့မည် ဖြစ်ကြောင်းနှင့် ထိုဓာတ်ငွေ့ ပိုက်လိုင်းသည် ဂျပန်နိုင်ငံ အထိပါရောက်ရှိနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဇွန် ၂ဝ ရက်တွင် ပြောသည်။

မွန်ဂျေးအင်သည် ရုရှားနိုင်ငံသို့သုံးရက်ကြာ အလည်အပတ်ခရီး မစတင်မီ ရုရှားသတင်းဌာန တစ်ခုသို့ ယခုလို ပြောခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံမှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူနိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံကို ဖြတ်သန်း၍ ဓာတ်ငွေ့ပိုက်လိုင်း သွယ် တန်းရန် ရုရှားနှင့် တောင်ကိုရီးယားတို့က ၂ဝဝ၈ ခုနှစ်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုကြောင့် ထိုစီမံကိန်းကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံအကြား ရထားလမ်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ဆိုက်ဘေးရီးယား ဒေသဖြတ်ကျော် မီးရထားလမ်းများနှင့် ချိတ်ဆက်နိုင်ခြင်းကြောင့်လည်း ကုန်သွယ်ရေးကို မှီခိုနေရသည့် တောင်ကိုရီးယားနိုင်ငံ မှထုတ်ကုန်များကို ကုန်းလမ်းမှတစ်ဆင့် ဥရောပသို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း မွန်ဂျေးအင်ကပြော သည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်းသည် ကိုရီးယားနှစ်နိုင်ငံအတွက် သာမက ရုရှားနိုင်ငံအတွက်ပါ ကြီးမား သောစီးပွားရေး အကျိုးအမြတ်များ ရရှိစေမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲ၌ နှစ်နိုင်ငံခေါင်းဆောင်များအကြား ကိစ္စရပ် အနည်းငယ်သာ သဘောတူနိုင်သည်ဟု လေ့လာသူများက ပြောဆိုထားသော်လည်း ခန့်မှန်းထားသည်ထက်ပို၍ အောင်မြင်မှုရရှိခဲ့ကြောင်း မွန်ဂျေးအင်ကပြောသည်။

တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွက် လိုအပ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပမာဏ အမြောက်အမြား ကို ပြည်ပမှ တင်သွင်းရသည်။ သို့သော် ပထဝီဝင် အနေအထားအရ နှစ်နိုင်ငံ အလှမ်းကွာမှုကြောင့် ရုရှား နိုင်ငံကတောင်ကို ရီးယားနိုင်ငံအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဆဋ္ဌမမြောက် အများဆုံးတင်သွင်းသူ အဖြစ်သာ ရပ်တည်နေနိုင်သည်။ ရုရှားနိုင်ငံသည် တောင်ကိုရီးယား တစ်နိုင်ငံလုံးအတွက် လိုအပ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအနက် ၅ ဒသမ ၅ ရာခိုင်နှုန်းသာ တင်သွင်းနိုင်ကြောင်း သိရသည်။  

(MWD)