ရွှေ့ပြောင်းဝင်ရောက် မိသားစုများ ကွဲကွာခြင်း အဆုံးသတ်ရေး အထူးအမိန့် ထရမ့် လက်မှတ်ထိုး

ဝါရှင်တန်၊ ဇွန် ၂၁

အမေရိကန်နယ်စပ်တွင် ရွှေ့ပြောင်းဝင်ရောက်သူ မိသားစုများမှ ကလေးငယ်များ လူကြီးမိဘများနှင့် ကွဲကွာ နေရခြင်း အဆုံးသတ်ရေး သမ္မတ ဒေါ်နယ်ထရမ့်က အထူးအမိန့်တစ်ရပ်အား ဇွန် ၂၀ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်သည်။

ထရမ့်၏ ပါတီ ရီပတ်ဘရီကန်နောက်လိုက်များ၊ ဒီမိုကရက်များနှင့် နိုင်ငံတကာအသိုင်းအ၀န်းတို့မှ ပြင်းထန်သော ဖိအားများကြောင့် ထရမ့်အနေဖြင့် တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ပြန်လည်ပြောင်းလဲရခြင်းလည်း ဖြစ်သည်။

မေ ၅ ရက်က စပြီး နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်သူများမှ မိဘများနှင့် အရွယ်ရောက်သူ ဆွေမျိုးသားချင်းများအား ရာဇ၀တ်မှုဖြင့် ဖမ်းဆီးခြင်းများရှိရာ အတူပါလာသော ကလေးငယ်ပေါင်း ၂၃၀၀ မှာ လူကြီးမိဘများနှင့် ကွဲကွာနေရခြင်းဖြစ်သည်။

ထိုကလေးငယ်များကို သီးသန့်စခန်းများနှင့် အခြားနေရာဌာနများတွင် ထားရှိ၍ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရခြင်း မရှိရာ ကြီးမားပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ရခြင်းပဲ ဖြစ်သည်။

ထိုကလေးများ၏ ပုံများ၊ ဗီဒီယိုများ ထွက်ပေါ်၍ စိတ်ဆိုးဒေါသထွက်ကြကာ ထရမ့်၏ ရီပတ်ဘရီကန် ပါတီတွင်းမှာပင် ငြင်းခုံမှုများ ပြင်းထန်ခဲ့သကဲ့သို့ နိုင်ငံတကာကလည်း အမေရိကန်သည် လူ့အခွင့်အရေးကို ချိုးဖောက်နေပြီဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

“ဒီကနေ့မှာ ကျွန်တော်တို့ ဘာလုပ်ခဲ့တာလဲဆိုတော့ မိသားစုတွေကို အတူတကွ ထားရှိပေးလိုက်တာပါပဲ။”ဟု အထူးအမိန့်ကို လက်မှတ်ထိုးရင်း ထရမ့်က ပြောကာ “မိသားစုတွေ ကွဲကွာတဲ့ ခံစားချက်တွေကို ကျွန်တော် မမြင်မကြားလိုပါဘူး။”ဟု ဖြည့်စွက်ပြောသည်။

ထိုသို့ ပေါ်လစီအပြောင်းအလဲ လုပ်ဆောင်လိုက်သော်လည်း ထရမ့်က နယ်စပ်ဥပဒေစိုးမိုးရေးကို ပိုမိုတင်းတင်း ကြပ်ကြပ် ကိုင်တွယ်မည်ဟုလည်း ပြောလိုက်သည်။

-Ref; AFP