ထိုင်းတွင် ရဲဝန်ထမ်းများအား တာဝန်ချိန်အတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုခွင့် တားမြစ်

ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ အသုံးပြုခွင့် တားမြစ်လိုက်တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်း သတင်းမှာ မေလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။

ဒီတားမြစ်ချက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး တကယ်လို့ ဖောက်ဖျက်မယ်ဆိုရင် ရာထူးတိုးမြှင့်မှုတွေမှာ ကြန့်ကြာနိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဖတ်သလန်ခရိုင်၊ ခေါင်ချိုင်ဆန်ရဲစခန်းမှူးက ဒေသတွင်း ရဲဌာနတွေဆီ ဒီညွှန်ကြားချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အဲဒီစာထဲမှာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ လိုင်း၊ အီးမေးလ် စတာတွေ အသုံးမပြုဖို့ ရဲသတင်းအထွေထွေစာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုခွင့် တားမြစ်ချိန်ကတော့ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိဖြစ်ကာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ရဲဝန်ထမ်းတွေဟာ အများပြည်သူအတွက် အချိန်ပြည့် အကောင်းဆုံး တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Source – DVB