မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါနက်ချောင်းစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ခရိုင်ပါတီကော်မတီဝင်များနှင့် ပါတီဝင်အင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မာင်စိုးထံသို့ မြို့နယ်ဥက္ကဋ္ဌများမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ စုပေါင်းပေးအပ်သည်။

ဆက်လက်၍ ပါတီဝင်နှစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီတာဝန်ခံ ဦးခင်ရီက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့ပါတီ၏ မူဝါဒ လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်သဘောထားများကို နားလည်သဘောပေါက်၍ ပါတီသို့ဝင်ရောက်လာကြောင်း သိရှိရသဖြင့် များစွာဂုဏ်ယူမိပါကြောင်း မိမိတို့ပါတီသည် စတင်ဖွဲ့စည်းခင်ကတည်းက အမျိုးဘာသာသာသနာ ကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယခုပါတီသို့ ဝင်ရောက်လာသူများမှာ မိမိတို့နှင့်လက်တွဲ၍ အမျိုးဘာသာသာသနာကို စောင့်ရှောက်ရန် ရည်ရွယ်၍ ဝင်ရောက်လာခြင်းများအပေါ် များစွာဝမ်းမြောက် ဝမ်းသာဖြစ်မိပါကြောင်း ပြောကြားသည်။ ထို့နောက် ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ် များတပ်ဆင်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)