ပယ်လီဂရီနီ သုံးနှစ်စာချုပ်ဖြင့် ဝက်စ်ဟမ်းနည်းပြဖြစ်လာ

မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို သုံးနှစ်စာချုပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ဝက်စ်ဟမ်း အသင်းက မေလ ၂၂ ရက်တွင် ကြေညာသည်။

တရုတ်စူပါလိဂ် Hebei China Fortune အသင်းမှ မေလ ၁၉ ရက်က ထွက်ခွာခဲ့သူ ပယ်လီ ဂရီနီ (၆၄)နှစ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဝက်စ်ဟမ်းမှ ထွက်ခွာခဲ့သော နည်းပြဒေးဗစ်မို ရက်စ်၏ နေရာ၌ အစားထိုး ဝင်ရောက်မည်ဖြစ်သည်။
‘‘ပယ်လီဂရီနီကို ဝက်စ်ဟမ်း က ကြိုဆိုရတာ အလွန်ပျော်ရွှင် ကျေနပ်မိပါတယ်။ သူက ကမ္ဘာမှာ အလေးစားအခံရဆုံး ဘောလုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ပြီး သူနဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်ပြင်းပြနေပါတယ်’’ဟု ဝက်စ်ဟမ်းအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဆူလီဗန်က ထုတ်ပြန်ချက် တွင် ပြောသည်။

ဗီလာရီးရဲလ်၊ ရီးရဲလ်မက် ဒရစ်နှင့် မာလာဂါအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ က မန်စီးတီးကို ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလားရအောင် လမ်းညွှန်ပေးခဲ့သူ ပယ်လီဂရီနီသည် မန်စီးတီးမှ ထွက်ခွာပြီး ၂နှစ် ကြာပြီးနောက် အင်္ဂလန်မြေသို့ ပြန်လည်ရောက်ရှိ လာခြင်းဖြစ်သည်။

၎င်း၏ တိုက်စစ်အသားပေး ဘောလုံးကစားဟန်အတွက် ပရိသတ်များ၏ တောင်းဆိုချက်များ စိတ်ထဲစွဲနေ၍ ပယ်လီဂရီနီကို နည်းပြခန့်အပ်ခြင်းဖြစ်ကြောင်း ဆူလီဗန်က ပြောသည်။

 ပယ်လီဂရီနီလက်ထက် ၂၀၁၃-၁၄ ဘောလုံးရာသီက မန် စီးတီးသည် ပြိုင်ပွဲစုံ ၁၅၁ ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်၌ စံချိန်တင်ခဲ့သည်။

‘‘သူ့အနေနဲ့ အရည်အသွေး သစ်တွေ ဝက်စ်ဟမ်းဆီရောက် လာအောင် ဆွဲဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အပြင် လက်ရှိ ကစားသမားအစုအဖွဲ့ကိုလည်း တိုးတက်အောင်လုပ်ပေး နိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟု ဆူလီဗန်က ထပ်လောင်းပြောကြားသည်။ 

—Ref: AP