လူငယ်ညီလာခံသို့ တက်ရောက်မည့် ၁ဝ မြို့နယ်မှလူငယ်ကိုယ်စားလှယ်များအားတွေ့ဆုံ

 

ယခုလ နောက်ဆုံးပတ်၌ နေပြည်တော်တွင်ပြုလုပ်မည့် လူငယ် ညီလာခံသို့ သွားရောက်မည့် မွန်ပြည်နယ် ၁ဝ မြို့နယ်မှ ရွေးချယ်ထား သည့် လူငယ်ကိုယ်စားလှယ် ၄၉ ဦးတို့အား မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်နှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက် အထက်လမ်းမကြီးရှိ မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီအတွင်းရေးမှူးက ”မွန်ပြည်နယ်ကိုယ်စားပြုသွားရောက်မည့် လူငယ်ကိုယ်စားများဟာ ကျွန်တော်တို့စံပြအဖြစ် ရွေးချယ်ထားသော ကိုယ်စားလှယ်ဖြစ်ကြောင်း သို့အတွက်ကြောင့် မွန်ပြည်နယ်ရဲ့ ဂုဏ်ကိုဆောင်ကြရန်၊ စည်းကမ်းရှိကြရန် နေပြည်တော်မှာ ပြုလုပ်တဲ့ လူငယ်ညီလာခံကရလာတဲ့ အတွေ့အကြုံများနှင့် ကိုယ့်ရပ်/ ကျေးများတွင် ပြန်လည်မျှဝေပြီး ချပြသွားကြရန်”မှာကြားသည်။
ဆက်လက်ပြီး လူငယ်တာဝန်ခံ ဒေါက်တာတိုးတိုးအောင်ကလည်း စည်းကမ်းရှိကြရန်နှင့် နေပြည်တော်တွင် ယခုလ၌ ညီလာခံပြုလုပ်ပြီး နောက် လေ့လာရေးသွားရောက်မှာဖြစ်ပြီး ၄င်းရက်များတွင်း ရရှိလာမည့် အကျိုးကျေးဇူးများကို ပြန်လည်မျှဝေနိုင်ရန် ကြိုးစားကြရန် ပြောကြား ခဲ့ကြောင်း သိရသည်။

နိုင်နိုင်(မွန်)