မြန်မာနိုင်ငံတွင် Facebook မှ တဆင့် လူမျိုးရေး မုန်းတီးမှုများ ပိုမိုပျံ့နှံ့နေဟု ဇူကာဘက်ဂ်ဝန်ခံ

မြန်မာနိုင်ငံတွင် လူမျိုးရေး မုန်းတီးမှု ပြဿနာများ ပိုမိုကြီးထွားအောင် အရှိန်မြှင့်ပေးသည့် အခန်းကဏ္ဍမျိုး၌ Facebook ပါဝင်နေကြောင်း ကုမ္ပဏီ ထူထောင်သူ မတ်ခ်ဇူကာဘက်ဂ်က ဝန်ခံ ပြောကြားခဲ့သည်။

ဧပြီ ၂ ရက်က Voxနှင့် အင်တာဗျူးခဲ့သည့် အစီအစဉ်တွင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံ၌ အမုန်းစကား ဝါဒဖြန့်မှုများနှင့် ပတ်သက်၍ Facebookကို တွင်ကျယ်စွာ အသုံးချနေမှုများ ရှိနေကြောင်း ဇူကာဘက်ဂ်က မှတ်ချက်ပေးခဲ့သည်။

ကုလသမဂ္ဂကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ ပြဿနာ၌ အစွန်းရောက် အမျိုးသားရေး ဝါဒီများ၏ Facebook အသုံးချ သွေးထိုးမှုများကြောင့် အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်း စွပ်စွဲခဲ့ဖူးသည်။ ဇူကာဘက်ဂ်က ယခုအခါ Facebook အနေဖြင့် ယင်းကိစ္စကို အလေးအနက် အာရုံစိုက် ဆန်းစစ်နေကြောင်း အတည်ပြုခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီ အတွင်းပိုင်းမှာ အများကြီး အာရုံစိုက် ကိုင်တွယ် နေတယ်လို့ ထင်ပါတယ်”ဟု ဇူကာဘက်ဂ်က ဆိုသည်။ Facebookနှင့် Messengerကဲ့သို့ ဆက်စပ် Appများကို အသုံးပြုကာ သွေးဆူလွယ်သည့် ဝါဒဖြန့်မှုများ ရှိနေကြောင်း ၎င်းက ဝန်ခံခဲ့သည်။

“စနေ မနက်ခင်း တစ်ခုအကြောင်း ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော့်ကို တစ်ယောက်က ဖုန်းဆက်တယ်။ Facebookမှာ လူတချို့က ပွဲဆူမယ့် သတင်းတွေ ဖြန့်ဝေဖို့ စီစဉ်နေတယ် ဆိုတာကို လှမ်းအကြောင်းကြားတာပါ။ ဒါမျိုးတွေ ဖြစ်နေတာက နှစ်ဖက်စလုံးပါပဲ။ ဥပမာ ပြောရရင် မွတ်ဆလင်တွေဆီ ဖြန့်ဝေမယ့် သတင်းတွေမှာဆိုရင် ဗုဒ္ဓဘာသာဝင်တွေဘက်က ဆူပူလာတော့မယ်၊ လက်နက်တွေကိုင်ပြီး အသင့်ပြင်ထားကြ ဆိုတာမျိုးပေါ့။ ဗုဒ္ဓဘာသာဝင်တွေ ဆီကိုလည်း အဲဒီလို အလားတူ သတင်းတွေ လှမ်းပို့တာမျိုးပေါ့”ဟုလည်း ဇူကာဘက်ဂ်က ပြောကြားခဲ့သည်။

ထိုစဉ်ကမူ Facebook၏ စောင့်ကြည့်စနစ်များက ယင်းသတင်းဖြန့်ဝေမှုများကို ထောက်လှမ်းသိရှိပြီး ပျံ့နှံ့မှု မရှိအောင် တားဆီးနိုင်ခဲ့ကြောင်း ဇူကာဘက်ဂ်က ဆိုသည်။ “ဒါပေမဲ့ ဒီကိစ္စက ပေါ့ပေါ့လေး သဘောထားလို့ မရပါဘူး။ ကျွန်တော်တို့ အများကြီး သတိထားရပါမယ်”ဟုလည်း ၎င်းက ဝန်ခံသွားခဲ့သည်။

Ref: CNA / 7Days