ဗင်နီဇွဲလား အကျဉ်းထောင် မီးလောင်မှုကြောင့် လူ ၆၈ ဦးထက်မနည်း သေဆုံး

ဗင်နီဇွဲလားနိုင်ငံတွင် အကျဉ်းထောင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၈ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

ကာရာဘိုဘို ပြည်နယ်ရှိ ဗလန်စီယာမြို့မှ အကျဉ်းထောင် မီးလောင်မှုတွင် လူ ၅ ဦးမျှ သေဆုံးကြောင်း အာဏာပိုင်များက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် အသေအပျောက် ပမာဏသည် ယင်းကြေညာချက်ထက် များစွာ ပိုများနေခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြကြသည်။

မတ် ၂၈ ရက်က မီးလောင်မှု ဖြစ်ပွားချိန်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို လွှတ်မပေးခြင်းကြောင့် မီးခိုးမွှန်၍ သေဆုံးသူ အများအပြား ရှိခဲ့ကြောင်းလည်း သိရသည်။ သတင်းဆိုးကို ကြားသိပြီးနောက် ထောင်ရှေ့တွင် လာရောက် စုရုံးနေသော ဆွေမျိုးသားချင်းများနှင့် ရဲတပ်ဖွဲ့ဝင်များလည်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မီးခိုးဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ရသည်။

ကာရာဘိုဘို ပြည်နယ်မှ အစိုးရရှေ့နေ တာရက်ခ် ဝီလျံ ဆက်ဘ်က ယခုဖြစ်ရပ်ကို ပွင့်လင်းမြင်သာ အရှိဆုံး စုံစမ်း စစ်ဆေးသွားမည်ဟု ကတိပြုခဲ့သည်။ လက်ရှိ ရထားသော အသေအပျောက် စာရင်းမှာ အမျိုးသား ၆၆ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်းလည်း ဆက်ဘ်က ဆိုသည်။

“အရမ်း ထိခိုက်နာကျင်စရာကောင်းတဲ့ အဖြစ်မျိုး ကြုံခဲ့တာပါ။ ဒီအတွက် နစ်နာသူတွေအားလုံး စိတ်ရှင်းရှင်း ဖြစ်တဲ့ထိ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားပါမယ်”ဟု ၎င်းက Twitterတွင် ရေးသားခဲ့သည်။

မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ လက်ရှိတွင်မူ အကျဉ်းသားများ၏ စိတ်ဆိုး ဒေါသထွက်နေသော မိသားစုဝင်များက ထောင်ရှေ့တွင် စုရုံးနေကြပြီး ရဲတပ်ဖွဲ့က လုံခြုံရေး အတားအဆီးများဖြင့် ကာကွယ်ထားရသည်။

မိသားစုဝင်များ အနေဖြင့် သေဆုံးသူများတွင် ၎င်းတို့၏ ဆွေမျိုးသားချင်းများ ပါမပါ ရှင်းလင်းစွာ မသိရသည့် အတွက်လည်း ပိုမို ဆူပူဒေါသထွက်နေကြသည်။ “ကျွန်မသားလေး အကြောင်းကို သိချင်တယ်။ အခုထိ ဘာမှ လာမပြောကြသေးဘူး။ ကျွန်မလည်း ဘာမှ မသိရသေးဘူး။ ကျွန်မတို့ ဘယ်လောက်တောင် စိတ်ပူနေသလဲ ကြည့်ပါ။ တစ်ခုခုတော့ သိချင်ပါတယ်”ဟု ထောင်ရှေ့တွင် ရှိနေသည့် အဖွားအို တစ်ဦးက ဆိုသည်။

လတ်တလောတွင် ရဲတပ်ဖွဲ့ အနေဖြင့် ထောင်တွင်း မီးလောင်မှုသည် သာမန် မတော်တဆမှု ဟုတ်မဟုတ်နှင့် အခြား မသမာသည့် ကြံစည်မှု ရှိမရှိ ဆိုသည်ကို စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

Ref: CNN