စက်သုံးဆီဈေးနှုန်းများစံချိန်တင်မြင့်တက်မှု အိန္ဒိယနိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြ

နယူးဒေလီ စက်တင်ဘာ ၁ဝ

အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းတွင် ကန့်ကွက်ဆန္ဒပြမှုကို အတိုက်အခံပါတီက ဦးဆောင်၍ ပြုလုပ်ရာ ဆန္ဒပြသူများက မော်တော်ကား တာယာများကို မီးရှို့ခြင်း၊ ဓာတ်ဆီဆိုင်များကို ဖျက်ဆီးခြင်း၊ လမ်းများနှင့် ရထားလမ်းများကို ပိတ်ဆို့ခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

ရာအူးလ်ဂန္ဒီ ဦးဆောင်သော အတိုက်အခံ ကွန်ဂရက်ပါတီက ဆန္ဒပြမှုများ ပြုလုပ်ကြရန် တိုက်တွန်း ဆော်သြခဲ့သည်။ ရာအူးလ်ဂန္ဒီသည် ၂ဝ၁၉ ခုနှစ် အစောပိုင်းတွင် ကျင်းပမည်ဟု မျှော်လင့်ရသော အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ ဘရာတိယ ဂျနာတာပါတီ(ဘီဂျေပီ)ကို စိန်ခေါ်ရန် ရှိနေသည်။

၂ဝ၁၄ ခုနှစ်တွင် ဘီဂျေပီပါတီ အာဏာ ရရှိလာခဲ့ချိန်မှစ၍ စက်သုံးဆီဈေးနှုန်းများ တရိပ်ရိပ် တက်လာ နေခဲ့ကြောင်း၊ ဝန်ကြီးချုပ် မိုဒီသည် ပြည်သူတို့အား ပေးခဲ့သည့် ကတိကဝတ် များအတိုင်း ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း အသက် ၄၈ နှစ်ရှိ ဂန္ဒီက ဒေလီတွင် လူအုပ်ကြီး အား ပြောကြားသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုကို ကန့် ကွက်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်းသို့ ကူးစက် ပျံ့နှံ့ခဲ့သည်။ ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်နေမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်း ကြောင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရပြီး အစိုးရရုံးဌာန များနှင့် စာသင်ကျောင်းများကို ခေတ္တပိတ်ထား လိုက်ရသည်။

ဓာတ်ဆီနှင့် ဒီဇယ်ဆီဆိုင်ရာ အခွန်ဝင်ငွေ မှာ အစိုးရအဖွဲ့အတွက် အဓိက ငွေကြေးအရင်း အမြစ်တစ်ရပ်ဖြစ်ပြီး လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အရေးကြီးသော ကိစ္စရပ် တစ်ခုဖြစ်သည်။

မဒရာပရာဒေ့ရှ်ပြည်နယ်၊ စီးပွားရေး အချက်အချာတည်ရာ မွမ်ဘိုင်းမြို့နှင့် ဂူဂျာရတ် ပြည်နယ်တို့တွင် ဆန္ဒပြသူ များနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။

-Ref; AFP