တောင်ကိုရီးယား၏ ညှိနှိုင်းမှုဖြင့် ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံရန် သဘောတူ

တောင်ကိုရီးယား၏ ကြားဝင် ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားတွင် နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့သည် မတ် ၈ ရက် ညပိုင်းက ဝါရှင်တန်၌ ထရမ့်ဦးဆောင်သော အမေရိကန် အရာရှိများနှင့် ဆွေးနွေးခဲ့ကြသည်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ချောင်အီယောင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း အနေဖြင့် ထရမ့်နှင့် ပုဂ္ဂိုလ်ရေး တွေ့ဆုံ ဆွေးနွေးရန် လိုလားနေကြောင်း သတင်းစကားကို လက်ဆင့်ကမ်းခဲ့ပြီး အမေရိကန် သမ္မတက လက်ခံခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော်ရှေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ချောင်က ထရမ့်နှင့် ကင်မ်တို့ ဆွေးနွေးရန် သဘောတူခဲ့သည့် ကိစ္စကို တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ တွေ့ဆုံမှု ဖြစ်မြောက်လာပါက ခါးသီးရန်ဘက် နှစ်နိုင်ငံကြား သမိုင်းဝင် အလှည့်အပြောင်း တစ်ရပ်လည်း ဖြစ်လာဖွယ် ရှိနေသည်။

“ကျွန်တော်က မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်အနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို လိုလား ဆန္ဒရှိနေကြောင်း သမ္မတ ထရမ့်ကို ပြောပြခဲ့ပါတယ်။ ဆွေးနွေးမှု ရလဒ်တွေကို သမ္မတ ထရမ့်ကလည်း အသိအမှတ်ပြုခဲ့ပြီး မေလထဲမှာ ကင်မ်နဲ့သူ တွေ့မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရည်မှန်းချက်တွေကို ပြီးမြောက်အောင် ညှိနှိုင်းဖို့ ဖြစ်ပါတယ်”ဟု ချောင်က ပြောကြားသွားသည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ ဖော်ဆောင်မှုများကြောင့် အမေရိကန်နှင့် နိုင်ငံတကာမှ ဘက်ပေါင်းစုံ အရေးယူ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်။ တောင်ကိုရီးယားတွင် ဆောင်းရာသီ အိုလံပစ် ကျင်းပချိန်၌ မြောက်ကိုရီးယားနှင့် ညှိနှိုင်းမှုများ ပိုမို အားကောင်းခဲ့ပြီး နောက်ဆက်တွဲအဖြစ် ကင်မ်နှင့် ထရမ့်တို့ကြား ပုဂ္ဂိုလ်ရေး တွေ့ဆုံနိုင်ရန် အဆိုပြုမှုများထိ အထမြောက်လာခြင်း ဖြစ်သည်။

Ref: Reuters