မြောက်ကိုရီးယားနိုင်ငံမှရေထွက်ပစ္စည်းများတင်ပို့မှုကို တရုတ်နိုင်ငံပိတ်ဆို့

မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်အကောက်ခွန်ဌာနမှ အာဏာပိုင်များသည် မြောက်ကိုရီးယားမှငါးနှင့် ရေထွက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို စတင်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားကဒုံးကျည်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုများတိုးမြှင့် ရန်တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီးနောက်တွင် တရုတ်နိုင်ငံကထိုသို့ ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် သြဂုတ် ၁၅ ရက်မှစတင်ကာ မြောက်ကိုရီးယားမှဝင်ရောက်လာသည့် ရေထွက်ပစ္စည်း တင်ပို့မှုကို လုံးဝပိတ်ပင်သွားမည်ဖြစ်ကြောင်း စောစီးစွာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားမှ ရေထွက်ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်ထရပ်ကားတစ်စီးကို ဂျင်လင်းပြည်နယ်၊ ဟန်ချွမ်းမြို့ အတွင်းရှိ အာဏာပိုင်များက ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။ ရေထွက်ကုန်စည်များ တင်ဆောင်လာသည့်ယာဉ်များ ဝင်ရောက်ခွင့် မရသည့်အတွက် တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကိုပိုင်းခြားထားသည့် မြစ်ပေါ်ရှိ တံတားတစ်စင်းပေါ်တွင် ယာဉ်များစီတန်း နေခဲ့ကြကြောင်း သိရသည်။

မြောက်ကိုရီးယားနှင့်ကုန်သွယ်ရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်မှာ ရုတ်တရက်ပိတ်ဆို့မှုများ လုပ်ဆောင်လိုက်ခြင်းကြောင့် ၄င်း၏ လုပ်ငန်းများအကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မည်သို့ဆက်ဖြစ်လာဦးမည်ကို မှန်းဆ၍မရကြောင်း အင်န်အိတ်ခ်ျကေသို့ဖြေကြားခဲ့ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)