ချယ်လ်ဆီးကို အနိုင်ယူပြီး မန်ယူ အမှတ်ပေးဇယား ဒုတိယနေရာပြန်ရောက်လာ

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူနှင့် အင်္ဂလန်ကွင်းလယ်လူ လင်းဂတ်တို့၏ သွင်းဂိုးများဖြင့် မန်ယူက အိုးလ်ထရက် ဖို့ဒ်ကွင်းတွင် ချယ်လ်ဆီးကို ၂-၁ ဂိုးဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာ ပြန်လည်ရယူခဲ့သည်။

ချယ်လ်ဆီးကို ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း မန်ယူက တိုက်စစ်မြှင့်ကစားကာ လူကာကူ က ချေပဂိုး သွင်းယူပြီး လင်းဂတ် အတွက် ဂိုးဖန်တီးပေးမှုတစ်ကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြခဲ့သည်။

မန်ယူ၌ ခြေစွမ်းပြခဲ့သော လူကာကူက မိမိတို့အနေဖြင့် ယခုနိုင်ပွဲအတွက် များစွာကြိုး စားခဲ့ရကြောင်း ပြောသည်။ မန် ယူသည် လက်ရှိတွင် တစ်ပွဲ လျော့ မန်စီးတီးထက် ၁၃ မှတ် လျော့နည်းနေသည်။

ချယ်လ်ဆီးဘက်သို့  လူကာကူသွင်းသော ဂိုးသည် လက်ရှိထိပ်တန်း ရှစ်သင်းအနက် တစ်သင်းသို့ ၎င်းပထမဆုံး သွင်းယူသော ဂိုးဖြစ်သည်။

မန်ယူနည်းပြမော်ရင်ဟိုက မိမိတို့အသင်းသည် အထူးကောင်းမွန်သော ချယ်လ်ဆီးအသင်းကို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပြီး ပေါ့ဂ်ဘာသည် ကွင်းလယ်တွင် အကောင်းဆုံး ကစားနိုင်ခဲ့သည်ဟု ချီးကျူးပြောကြားသည်။

ယင်းပွဲမတိုင်မီ အမှတ်ပေးဇယား ဒုတိယနေရာကို ရယူထားသော လီဗာပူးအသင်းသည် မန်ယူ၏ အနိုင်ကြောင့် နှစ်မှတ်အကွာ ဖြင့် တတိယနေရာသို့ ဆင်းပေးခဲ့ရသည်။

စပါးက ခရစ္စတယ်ပဲလေ့စ် ကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား  နံပါတ် (၄) နေရာတွင် ရှိနေကာ ချယ်လ်ဆီးသည် နံပါတ် (၅) နေရာသို့ လျော့ကျခဲ့သည်။

မန်ယူနည်းပြမော်ရင်ဟိုက ဟာဇက်ကို မိမိတို့ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဝီလီယံသည် အံ့သြစရာ ကောင်းသော ကစားသမား ဖြစ်သည်ဟု ပြောသည်။ မိမိတို့ အနေဖြင့် ချယ်လ်ဆီးထက် ဖန်တီးမှု မများခဲ့သော်လည်း ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့သည်ဟု မော်ရင် ဟိုက ပြောသည်။

 ချယ်လ်ဆီးနည်းပြကွန်တီ ကို ၎င်းတို့အနေဖြင့် သရေကျ ထိုက်သလားဟု မေးမြန်းရာ ကွန်တီက ‘‘ဟုတ်တယ်’’ ဟု ရယ်ရယ် မောမော ဖြေကြားသည်။

မိုရက်တာသွင်းသောဂိုးခွင့် မပြုခြင်းနှင့်ပတ်သက်၍ ကွန်တီ က ယင်းမှာ မိုရက်တာလူကျွံခြင်း မဟုတ်ဟု ထင်ရကြောင်း ပြောပြီး အထူးစစ်ဆေးရန် လိုအပ်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။      

—Ref:BBC