ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

သေနတ်သမားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်လာစဉ်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းထုတ်ခံရသည့် ကျောင်းသားဟောင်း တစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက် ပစ်ခတ်မှုကို ကျူးလွန်သည့် သေနတ်သမားမှာ အသက် ၁၉ နှစ်အရွယ် နစ်ကိုလက်စ် ခရုဇ်ဟု ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ပါ့ခ်လန်းရှိ အထက်တန်းကျောင်းမှ ကျောင်းသားဟောင်း တစ်ဦးဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ချက်များကြောင့် ကျောင်းထုတ်ခံထားရခြင်းဟု ရဲများက ဆိုသည်။

သေနတ်သမားက ဝင်ရောက် ပစ်ခတ်နေချိန်တွင် ကျောင်းသူကျောင်းသား အများအပြားက စာသင်ခန်းများထဲ၌ ပုန်းခိုနေခဲ့ရပြီး ရဲများက ၎င်းတို့ကို ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့ရသည်။ သေနတ်သမား ခရုဇ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဟုလည်း အတည်ပြုခဲ့သည်။

ယခုဖြစ်စဉ်သည် ၂၀၁၂ က ကွန်နက်တီကက်စ်၌ လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည့် ကိစ္စနောက်ပိုင်း အမေရိကန်တွင် အဆိုးရွားဆုံး ကျောင်းတွင်း ပစ်ခတ်မှု အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့သည်။ မျက်မြင်များက သေနတ်သမားသည် မီးအန္တရာယ် သတိပေး ခေါင်းလောင်းသံကို ဖွင့်ခဲ့ကြောင်း၊ ထို့ကြောင့် ကျောင်းသူ ကျောင်းသားများ ကျောင်းခန်းအပြင် စုပြုံထွက်လာချိန်တွင် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်သည့် နေရာတွင် ၁၅ ဦး သေဆုံးပြီး ၂ ဦးမှာ ဆေးရုံတွင် ကွယ်လွန်ကြောင်း၊ ဒဏ်ရာရသူ ၆ ဦးအနက် ၃ ဦးမှာ အခြေအနေ ပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ “အားလုံးအတွက်တော့ ဆိုးရွားလွန်းတဲ့ နေ့တစ်နေ့ပါပဲ”ဟု ဒေသခံ ကျောင်းပညာရေး ကွပ်ကဲမှုဌာန အကြီးအကဲ ရောဘတ် ရူစီရာက ပြောကြားခဲ့သည်။

သေဆုံးသူများ မည်သူမည်ဝါ ဖြစ်သည်ကို ရဲတပ်ဖွဲ့က စုံစမ်းစိစစ်နေဆဲ ဖြစ်သည်။ အခင်းဖြစ်ရာ ကျောင်းဝင်းထဲသို့ ရဲတပ်ဖွဲ့အပြင် အထူးလေ့ကျင့်ပြင်ဆင်ထားသည့် SWAT ယူနစ်များပါ ဝင်ရောက်ပြီး ရှင်းလင်းခဲ့ရသည်။

ကျောင်းထဲတွင် မီးအန္တရာယ် သတိပေး ခေါင်းလောင်းသံ မြည်ဟည်းလာသည့်နောက် အများစုက အစမ်းလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ဟု ထင်မှတ်ခဲ့ကြောင်း သိရသည်။ ထို့နောက်တွင်မှ သေနတ်သံများ ကြားလာရခြင်းဟု ကိုယ်တွေ့ ကြုံခဲ့သည့် ကျောင်းသူ ကျောင်းသားများက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး အမေရိကန် သမ္မတက ယခုကိစ္စတွင် ထိခိုက်သေဆုံးခဲ့ရသည့် မိသားစု အားလုံးအတွက် စာနာ ဝမ်းနည်းကြောင်း Twitterတွင် ရေးသားထားခဲ့သည်။

Ref: Reuters