ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာပိုင်ရှင် ဂုဏ်ပုဒ်ကို တရုတ် ဆက်လက်ထိန်းသိမ်း

1461654684498

တရုတ်တွင် အသစ်တည်ဆောက်ခဲ့သည့် စူပါကွန်ပျူတာသည် အမေရိကန်မှ ပြိုင်ဘက်များကို ဆက်လက်အသာစီး ယူကာ ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နေကြောင်း သိရသည်။ စွမ်းဆောင်ရည် 93 petaflop ရှိသည့် Sunway TaihuLight စူပါကွန်ပျူတာကို ဝူဇီရှိ အမျိုးသား ကွန်ပျူတာ စင်တာတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ 93 petaflopသည် တစ်စက္ကန့်အတွင်း တွက်ချက်မှုပေါင်း ၉၃၀၀၀ ထရီလီယံထိ လုပ်ဆောင်နိုင်သည့် စွမ်းရည် ပမာဏ ဖြစ်သည်။

ယခင်က ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာမှာ တရုတ်မှပင်ဖြစ်သည့် Tianhe-2 ဖြစ်သည်။ Sunway TaihuLightသည် Tianhe-2 ထက် နှစ်ဆပိုမြန်ပြီး ထိရောက်မှု သုံးဆပိုမိုအားကောင်းကြောင်း ဇွန် ၂၀ တွင် ထုတ်ပြန်သည့် ကမ္ဘာ့ထိပ်တန်း စူပါကွန်ပျူတာ ၅၀၀ စာရင်းတွင် ဖော်ပြထားသည်။

ပုံမှန်အားဖြင့် စွမ်းဆောင်ရည်မြင့် စူပါကွန်ပျူတာများကို အမေရိကန် ဦးဆောင်နေရာမှ ပိုင်ဆိုင်လေ့ ရှိသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တရုတ်၏ စူပါကွန်ပျူတာ နည်းပညာက အမေရိကန်ကို ရင်ဘောင်တန်းလာသလို စွမ်းဆောင်ရည်ပိုင်းတွင် ကျော်တက်သည့် အဆင့်ထိ ရောက်ရှိခဲ့သည်။

Sunway TaihuLight တွင် တရုတ်ပြည်တွင်းဖြစ် ကွန်ပျူတာ Core Processor အရေအတွက် ၁၀.၅ သန်းကျော် တပ်ဆင်ပြီး Nodeပေါင်း ၄၀၉၆၀ ဖြင့် တည်ဆောက်ထားသည်။ ယင်းကွန်ပျူတာကို Linux အခြေပြု OS ဖြင့် လည်ပတ် မောင်းနှင်စေသည်။

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာများ စာရင်းကို ပုံမှန်ထုတ်ပြန်လေ့ရှိရာ ယခုတစ်ကြိမ်တွင် အရေအတွက် အားဖြင့်လည်း တရုတ်က အမေရိကန်ကို ပထမဆုံးအကြိမ် ကျော်တက်ခဲ့သည်။ ထိုစာရင်းတွင် တရုတ် စူပါ ကွန်ပျူတာ ၁၆၇ လုံး ပါဝင်လာပြီး အမေရိကန်ဘက်မှ ၁၆၅ လုံးသာ ရှိခဲ့သည်။

ကမ္ဘာ့အမြန်ဆုံး ထိပ်တန်း ကွန်ပျူတာ ၁၀ လုံးစာရင်းတွင်မူ တရုတ်က အဆင့် ၁ နှင့် ၂ နှစ်နေရာကို သိမ်းပိုက်ထားပြီး အမေရိကန် စူပါကွန်ပျူတာများကမူ လေးနေရာစာ ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိပ်တန်း ကွန်ပျူတာ ၁၀ လုံးအတွက် ကျန်လေးနေရာကို ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ဆော်ဒီအာရေးဘီးယားတို့မှ စူပါကွန်ပျူတာများက ပိုင်ဆိုင်ခဲ့ကြသည်။

-Ref: BBC


Leave a Reply