အမေရိကန် စစ်လေယာဉ်နှင့် ငါးပေမျှ အကွာထိ ရုရှားတိုက်လေယာဉ် ချဉ်းကပ်ခဲ့ဟု အမေရိကန်စွပ်စွဲ

ရုရှား တိုက်လေယာဉ် တစ်စီးသည် အမေရိကန် စစ်လေယာဉ် တစ်စီးနှင့် ငါးပေ အကွာထိ အလွန်နီးကပ်စွာ ချဉ်းကပ် ပျံသန်းခဲ့ကြောင်း အမေရိကန် စစ်ဘက်က စွပ်စွဲ ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၉ ရက်က ပင်လယ်နက် ရေပြင်ထက်တွင် ရုရှား၏ Su-27 ဂျက်တိုက်လေယာဉ်သည် အမေရိကန် ရေတပ်၏ ကင်းထောက် လေယာဉ်တစ်စီးကို အန္တရာယ် ကြီးမားသည့် အခြေအနေမျိုးထိ လွန်လွန်ကျွံကျွံ နီးကပ်စွာ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ သုံးဦးက CNNသို့ သီးခြားစီ မှတ်ချက်ပေးခဲ့သည်။

ရုရှား တိုက်လေယာဉ်၏ လုပ်ရပ်ကြောင့် အမေရိကန် ရေတပ်လေယာဉ်သည် ၎င်း၏ လုပ်ငန်းတာဝန်ကို ရပ်ဆိုင်းကာ အခြေစိုက် စခန်းသို့ လှည့်ပြန်ခဲ့ရကြောင်း အရာရှိ တစ်ဦးက ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရုရှား တိုက်လေယာဉ်သည် နိုင်ငံတကာ ဥပဒေများ၊ နှစ်နိုင်ငံ သဘောတူညီမှုများကို ပြောင်တင်းစွာ ချိုးဖောက်ခဲ့ခြင်းဟု ထုတ်ပြန် ရှုတ်ချခဲ့သည်။

“ဒါဟာ ရုရှားစစ်ဘက်က နိုင်ငံတကာ စံနှုန်းတွေကို ချိုးဖောက်နေကြောင်း ထင်ထင်ရှားရှား မြင်သာစေတဲ့ နောက်ထပ် သက်သေ အထောက်အထား တစ်ခုပါပဲ။ ရုရှား အနေနဲ့ အန္တရာယ်များတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။ ဒီလို ပျံသန်းမှုဟာ နှစ်ဖက်စလုံးက လေယာဉ်တွေအတွက် ထိခိုက်မှု ကြီးသွားနိုင်ပါတယ်”ဟု ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟီသာနောရတ်က ပြောကြားသွားသည်။

ပင်လယ်နက် ဒေသတွင် စစ်ရေးလှုပ်ရှားမှုများကို ကြီးကြပ်နေသည့် အမေရိကန်၏ ဥရောပ စစ်ဦးစီး ဌာနက ရုရှား တိုက်လေယာဉ်သည် EP-3 အမျိုးအစား ကင်းထောက်လေယာဉ်ကို နှစ်နာရီနှင့် မိနစ်လေးဆယ်မျှ ကာလအတွင်း အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ကြောင်း ကြေညာခဲ့သည်။ “EP-3ရဲ့ ပျံသန်းမှု လမ်းကြောင်းနဲ့ ငါးပေလောက် အကွာထိ Su-27က ချဉ်းကပ်ခဲ့ပါတယ်။ ဒီလို နှောင့်ယှက်မှုဟာ အန္တရာယ် များလွန်းတဲ့ အပြုအမူ ဖြစ်ပါတယ်”ဟု အမေရိကန်၏ ဥရောပ စစ်ဦးစီးဌာန ရေတပ် ဗိုလ်ကြီး ပယ်မလာ ကွန်ဇီက ဝေဖန်ခဲ့သည်။

ပင်လယ်နက် ဧရိယာတွင် ရုရှားနှင့် အမေရိကန် စစ်လေယာဉ်များကြား အချင်းများစရာ ထိပ်တိုက်ဆုံမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။ ခရိုင်းမီးယားကို ၂၀၁၄ တွင် ယူကရိန်းထံမှ သိမ်းယူခဲ့သည့်နောက် အဆိုပါ ဒေသတွင် ၎င်းတို့၏ စစ်အင်အားကို ရုရှားက တိုးချဲ့လာသည်။ ယင်းအခြေအနေကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်ကလည်း ပင်လယ်နက် ဒေသတွင် စစ်အင်အားကို မြှင့်တင်ကာ ရုရှားအပေါ် အသာစီးယူရန် ကြိုးစားလျက်ရှိသည်။  

Ref: CNN