အာဖဂန် စစ်သင်တန်းကို တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် ကြေညာ

အာဖဂန် နစ္စတန်တွင် စစ်သင်တန်း အကယ်ဒမီ တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့မှုမှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် အကြမ်းဖက် အုပ်စုက ကြေညာခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်က ကဘူးလ်မြို့တော်ရှိ စစ်စခန်း တစ်ခုကို လက်နက်ကိုင်များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် အနည်းဆုံး ၅ ဦး သေဆုံးသည်ဟု တာဝန်ရှိသူများက ပြောကြားထားသော်လည်း အာဖဂန် အခြေစိုက် Tolo သတင်းဌာနကမူ စစ်ဘက်အရာရှိ ၁၁ ဦး သေဆုံးကြောင်း ဖော်ပြခဲ့သည်။

လက်နက် ကိရိယာ စုံလင်စွာ သယ်ဆောင်လာသည့် တိုက်ခိုက်ရေးသမား ၅ ဦးသည် မာရှယ်လ်ဖာဟင်မ် စစ်ရေးအကယ်ဒမီ ရှေ့ဘက်ရှိ ရဲလုံခြုံရေး ကင်းတဲကို စတင် စီးနင်းခဲ့ပြီးနောက် အာဖဂန် စစ်သားများနှင့် နာရီပေါင်း အတော်ကြာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမား ၅ ဦးအနက် ၂ ဦးမှာ အသေခံ ဗုံးခွဲသွားပြီး ၂ ဦးမှာ ပစ်သတ်ခံရကြောင်း၊ ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မျက်မြင်များက စစ်သင်တန်း အကယ်ဒမီ အနီးတဝိုက်တွင် သေနတ်သံ၊ ပေါက်ကွဲသံများကို နာရီပေါင်း အတန်ကြာ ကြားနေခဲ့ရကြောင်း ဆိုသည်။

ကနဦးက အဆိုပါ တိုက်ခိုက်မှုသည် တာလီဘန်တို့၏ လက်ချက်ဟု ယူဆခဲ့သော်လည်း အိုင်အက်စ်တို့က ၎င်းတို့ ကျူးလွန်ခြင်းဟု အခိုင်အမာ ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို အာဖဂန် ထောက်လှမ်းရေးက အတည်ပြုချက် မပေးသေးချေ။ အာဖဂန်တွင် တာလီဘန်နှင့် အိုင်အက်စ်တို့ကြား အကြမ်းဖက်မှုများကို အပြိုင်အဆိုင် အရှိန်မြှင့် အကောင်အထည် ဖော်လျက် ရှိနေသည်။

ကဘူးလ်တွင် နှစ်ပတ်မျှ ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှု သုံးခုနှင့် ဆက်တိုက် ကြုံခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်တာကွန်တီနန်တယ်လ် ဟိုတယ်ကို သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့သလို ဆေးရုံကား တစ်စီးတွင် ဖောက်ခွဲရေး ကိရိယာများ တင်ဆောင်ကာ ဗုံးခွဲသည့် ဖြစ်စဉ်ကြောင့်လည်း အနည်းဆုံး လူ ၁၀၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ကဘူးလ်တွင် ဆက်တိုက် ကြုံရသည့် အကြမ်းဖက်မှုများကြောင့် မြို့ခံများ အထိတ်တလန့် ချောက်ချောက်ချားချား ဖြစ်နေသည်။

အိုင်အက်စ်ရော၊ တာလီဘန်တို့ပါ ၎င်းတို့အပေါ် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစူးစိုက်မှု ကျရောက်စေရန် အလွယ်ဆုံး နည်းလမ်းအဖြစ် အကြမ်းဖက်မှုများကို အပြိုင်အဆိုင် ကျူးလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကဘူးလ်တွင် နောက်ထပ်လည်း ဖျက်ဆီးအား ကြီးမားသည့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည်ကို မြို့ခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။ 

Ref: Reuters