ရုရှားအတိုက်အခံခေါင်းဆောင် နာဗာညီ သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရ

ဒီဇင်ဘာ ၂၅ ရက်က မော်စကိုရှိ လမ်းတစ်လမ်းတွင်တွေ့ရသော အတိုက်အခံခေါင်းဆောင် နာဗာညီ (Photo: AFP)

လာမည့်နှစ် ရုရှားသမ္မတရွေးကောက်ပွဲတွင် သမ္မတဗလာဒီမာပူတင်နှင့် ယှဉ်ပြိုင်ရန်ကြိုးပမ်းနေသည့် အတိုက်ခံ ခေါင်းဆောင် အလက်ဇီနာဗာညီအား ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ရန် ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်တွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

နာဗာညီအား ဆိုင်းငံ့ထောင်ဒဏ်ငါးနှစ် ချမှတ်ထားသည့် အငြင်းပွားဖွယ် အလွဲသုံးစားပြုမှု စီရင်ချက်ကို ရည်ညွှန်းလျက် ၎င်းအား သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မှုမှပိတ်ပင်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် အသက် ၄၁ နှစ်ရှိ နာဗာညီက လာမည့်သမ္မတရွေးကောက်ပွဲအား သပိတ်မှောက်ရန်နှင့် ရလဒ်များကို အသိအမှတ်မပြုကြရန် မဲဆန္ဒရှင်များအား တိုက်တွန်းခဲ့သည်။ ကော်မရှင်၏ ဆုံးဖြတ်ချက်အား အယူခံဝင်သွားမည်ဟုလည်း နာဗာညီက ပြောကြားခဲ့သည်။

နာဗာညီသည် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရန်အတွက် ၎င်းအားထောက်ခံသူ ၁၅၀၀၀ ကျော်နှင့်အတူ ဒီဇင်ဘာ ၂၄ ရက်တွင် ရုရှားတစ်ဝန်း၌ စုဝေးမှုများပြုလုပ်ခဲ့သည်။ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် အမည်စာရင်းကို ဒီဇင်ဘာ ၂၄ ရက် ညနေတွင်တင်သွင်းခဲ့ပြီး ၎င်းအားပိတ်ပင်သည့် ဆုံးဖြတ်ချက်အား ဒီဇင်ဘာ ၂၅ ရက်တွင် ကော်မရှင်က အလျင်အမြန်ချမှတ်ခဲ့သည့်အတွက် နာဗာညီက သံသယ၀င်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့ပြီးနောက် နာဗာညီက ရွေးကောက်ပွဲမဲဆွယ်ရန်အတွက် ၎င်းထူထောင်ခဲ့သော ရုံများအား ယခုအခါ ရွေးကောက်ပွဲအား သပိတ်မှောက်ရန်အတွက် ကွန်ရက်တစ်ခု ထူထောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကရင်မလင်၏ အဓိကရည်မှန်းချက်သည် ယခုအခါ ရွေးကောက်ပွဲ၌ မဲလာပေးသူ အရေအတွက်အား မသမာမှုပြုလုပ်ရန် ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

စစ်မှန်သော အတိုက်အခံခေါင်းဆောင်များအား ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်နေချိန်တွင် အကျင့်ပျက် ခြစားမှုအား တိုက်ဖျက်ရေး သို့မဟုတ် စစ်မှန်သောမဲဆွယ်မှုများ ပြုလုပ်ရေးတို့တွင် စိတ်မ၀င်စားသည့် ကိုယ်စားလှယ်လောင်းများအား သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်ရန် ခွင့်ပြုပေးနေကြောင်း နာဗာညီက စွပ်စွဲခဲ့သည်။

-Ref; Eleven