နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၂/၂၀၁၇) မောင်တောခရိုင်ပါတီ ဖွင့်လှစ်သင်ကြား

မောင်တော၊ ဒီဇင်ဘာ ၂၀ 

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးပြီး မောင်တောခရိုင် ပါတီရုံးအစည်းအဝေး ခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၂/၂၀၁၇) ကို ဖွင့်လှစ်သင်ကြားရာ ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေ (ပြည်နယ်ပါတီဥက္ကဋ္ဌ)၊ ပါတီဗဟို ကော်မတီဝင် ဦးမြအောင် (ပြည်နယ်ဝန်ကြီးချုပ်-ငြိမ်း)၊ မောင်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သိန်း၊ မောင်တောခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန် (ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်)၊ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဘူးသီးတောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်စွာသိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူသင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာများအဖြစ် မြောက်ဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်လှဝေ၊ ပေါက်တောမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ မြေပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ ဘူးသီးတောင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်စွာသိန်း၊ မောင်တောခရိုင်ကော်မတီဝင် ဦးနေမင်းထွန်း၊ ပြည်နယ်ပါတီရုံးဝန်ထမ်း ဦးကျော်မင်းစိုးတို့မှ သင်ကြားပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်မှ မိမိတို့ပါတီဝင်များသည် အရည်အချင်းပြည့်ဝပြီး နိုင်ငံရေးပရိယာယ် ကြွယ်ဝသော နိုင်ငံရေးသမားများဖြစ်လာစေရေးနှင့် နိုင်ငံရေးအခင်းအကျင်းများတွင် အခြေအနေအရ စီမံခန့်ခွဲတတ်မှုဆိုင်ရာ ပညာရပ်များအား တတ်ကျွမ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချရခြင်းဖြစ် ကြောင်း၊ ယင်းကဲ့သို့ နားလည်တတ်ကျွမ်းမှသာ နောင်တစ်ချိန် မိမိတို့၏ ပြည်သူများအတွက် အကျိုးဖြစ်ထွန်း စေမည်သာဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချပေးသော ဘာသာရပ်များအား ကြိုးစားလေ့လာသင်ယူကာ မိမိတို့၏ မဲဆန္ဒရှင်ပြည်သူများအတွက် အကောင်းဆုံး အသုံးချစေလိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် ပါတီဗဟိုကော်မတီဝင် ဦးမြအောင်နှင့် မောင်တောခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန်တို့မှ သင်တန်းဖွင့်လှစ်သင်ကြားရခြင်းရည်ရွယ်ချက်နှင့် လိုအပ်သည်များအား ပြောကြားခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် မောင်တောမြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးခေါင်းဆောင်များ၊ ဘူးသီးတောင် မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးခေါင်းဆောင်များ တက်ရောက်သင်ယူသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ၃ ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ယခုဖွင့်လှစ်သင်ကြားသော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းမှာ ၂၀၁၅ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သည့်သင်တန်းများအနက် ဒုတိယ အကြိမ်မြောက်သင်တန်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့က သံတွဲခရိုင် တွင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။