ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆွတ်ခူးခဲ့

မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၉ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မူပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်တစ်ခု နဲ့ ငွေတံဆိပ် ၁ ခု ဆွတ်ခူး သွားပါတယ်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့အဆင့်ရွှေတံဆိပ်ဆုကို ကိုထွန်းထွန်းအောင်က ၆၀ ကီလိုတန်းမှာ ရယူခဲ့တာဖြစ်ပြီး ငွေတံဆိပ်တစ်ခုကိုတော့ ၆၅ ကီလိုတန်းကနေ ကိုထွန်းမင်းက ရယူနိုင်ခဲ့ တာပါ။ ရွှေတံဆိပ်ရယူခဲ့တဲ့ ကိုထွန်းထွန်းအောင်ဟာ အာရှကာယဗလပွဲမှာလည်း ရွှေတံဆိပ်ရယူထားတာကြောင့် အာရှနဲ့ကမ္ဘာ့ ရွှေတံဆိပ် ဆုရှင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ကိုထွန်းထွန်းအောင်အနေနဲ့ အီရန်၊ မလေးရှား၊ နီပေါ၊ အိန္ဒိယ၊ ဗီယက်နမ် နိုင်ငံတွေက ကစားသမားတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မူပြိုင်ပွဲမှာ ၅၅ ကီလို ကနေ ၁၀၀ ကီလိုအထက်အထိ ဝိတ်တန်း ၁၀ တန်း ထည့်သွင်းကျင်းပနေပြီး မြန်မာနိုင်ငံက ၆၀ နဲ့ ၆၅ ကီလိုတန်း ၂ ခုမှာပဲ ကစားသမား ၂ ဦးတည်းနဲ့ သွားရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး အက်သလက်တစ် ဖီးစစ်နဲ့ မော်လ်ဒယ်ဖီးစစ် ပြိုင်ပွဲတွေလည်း ပါဝင်ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

ပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဘရာဇီးလ်၊ အီရန်၊ ပါလက်စတိုင်း၊ ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုလီးယား အစရှိတဲ့ နိုင်ငံတွေက ကစားသမားတွေလည်း ရွှေတံဆိပ်အသီးသီးရယူထားပါတယ်။

(DVB)