မြန်မာနဲ့ ကုန်သွယ်ရေး ခိုင်မာအောင် အိန္ဒိယ လုပ်ဆောင်

အိန္ဒိယနိုင်ငံ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ကြား စီးပွားရေးအရ ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် ပြုလုပ်နေတာမှာ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ကြား ကုန်သွယ်ရေး ကောင်းမွန်အောင် လိုအပ် တာတွေ လုပ်ဆောင်နှင့်ပြီး ဖြစ်တယ်လို့ အိန္ဒိယ ဗဟိုအစိုးရရဲ့ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေး အမျိုးသမီး ဝန်ကြီး နီရ်မာလာ ဆီထာရာမင်က ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်ချင်းထိနေတဲ့ အိန္ဒိယ ပြည်နယ် မဏိပူရရဲ့ မြို့တော် အင်ဖာမှာ ရောက်နေတဲ့ ဝန်ကြီး ဆီထာရာမင်က ပြောလာတာပါ။ မြန်မာနဲ့ နယ်စပ်မြို့ မိုးရေးမှာ နယ်စပ် ကုန်သွယ်ရေး ဈေးတန်းတွေ ဖွင့်လှစ်သွားမယ်လို့ ဝန်ကြီး ဆီထာရာမင်က ပြောပါတယ်။ မဏိပူရပြည်နယ် အနေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်လာစေဖို့ ပြည်နယ် အစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို ဗဟို အစိုးရကလည်း အားပေး ကူညီနေတယ်လို့ ဆိုပါတယ်။

BBC Burmese