ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီ ခေါင်းဆောင် များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့ နံနက် ၁၁နာရီတွင် ရေဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမတွင် ကျင်းပသော ပါတီကော်မတီဝင်များ၊ရေဦးမြို့နယ်အတွင်းရှိ ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ ရေဦးမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၁၅ ဦး တက်ရောက်ကြသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ပါတီကော်မတီဝင်များ ရပ်ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်းဂါရဝပြု မိတ်ဆက်ကြသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ပါတီစည်းရုံးရေး လုပ်ငန်းများ ဦးစားပေးဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးပြောကြားသည်။ ထို့နောက် ရေဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးခင်မောင်ဆန်းက မြို့နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား တင်ပြဆွေးနွေးသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။

စိမ်းနိုင်(ဝက်လက်)