ပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စာအောင် သံဃာတော် ဆုနှင်းသဘင်ကြည်ညို ကျောင်းအဆင့်တိုးမြှင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသော ပျော်ဘွယ်မြို့ မြင်းဘက် ရပ်ကွက်မြို့ ကန်ဦးပရိယတ္တိ စာသင်တိုက်ကြီး၏ အစိုးရနှင့်ကျောင်းတိုက် စာမေးပွဲအောင် သံဃာတော် ၃၅ ပါးတို့ အား ဆုနှင်းသဘင်သို့တက်ရောက်ကြည်ညိုပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော် ဒွိပိဋကဓရ၊သစအဓမ္မာစရိယ၊ သာမဏေ ကျော် ဘဒ္ဒန္တနေမိဒ္ဓါလင်္ကာရဘိဝံသအား ဖူးမြော်၍ သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပသော ပျော်ဘွယ်မြို့နယ်သိမ်ကုန်းအုပ်စု သိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ကော် မတီဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပျော်ဘွယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင်တို့နှင့်အတူ တက်ရောက်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ ရမည်းသင်း ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှသွင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းနှင့် ရပ်မိရပ်ဖ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်သောင်းတို့နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အမှာစကားပြောကြား၍ ကျောင်းအတွက် ကွန်ပျူတာတစ်စုံနှင့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)