နည်းဗျူဟာ ပေါက်ကြားမှုကို စိုးရိမ်သဖြင့် အိုးလ်ထရက်ဖို့ဒ် တွင်သာ မန်ယူလေ့ကျင့်ခန်းဆင်းမည်

မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်အား နည်းဗျူဟာပေါက်ကြားမှု ဖြစ်ပေါ်မည်ကို စိုးရိမ်ခြင်းကြောင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင်သာ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။


လာမည့် ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် မန်ယူအသင်းသည် စတော့ဟုမ်းမြို့ရှိ Friends Arena တွင် လေ့ကျင့်ခန်းဆင်းရန် UEFA မှ ခွင့်ပြုပေးထားသော်လည်း မန်ယူအသင်းက ငြင်း ပယ်ကာ ၄င်းတို့အသင်း၏ အိမ်ကွင်းတွင် အိုးလ်ထရက်ဖို့ဒ်တွင်သာ လေ့ကျင့်ခန်းဆင်းရန်အသင်းနည်းပြ မော်ရင်ဟိုက စီစဉ်ခဲ့ခြင်းဖြစ်သည်။
အေဂျက်စ်အသင်းနည်းပြ ပီတာဘော့စ်ဇ်ကမူ ယင်းကွင်းကို အင်္ဂါနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် တစ်နာရီကြာ အသုံးပြုခွင့်ရထားသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ဇော်ယာ၊ ရော့စတော့ဗ်တို့နှင့်ပွဲစဉ်များမှ အပ အခြားသော ယူရိုပါလိဂ်ပွဲစဉ် အတော်တော်များများတွင် UEFA မှ သတ်မှတ်ပေးထားသည့် လေ့ကျင့်ရေးကွင်း များကို မယူခဲ့ဘဲ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လေ့ကျင့်ခန်းဆင်းပြီးမှ သွားရောက်ကစားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဗိုလ်လုပွဲစဉ်များတွင်မူ အစဉ်အလာအားဖြင့် ပြိုင်ပွဲကစားမည့်အသင်းများသည် ကွင်းနှင့် အသားကျ စေရန်အတွက် လေ့ကျင့်ခန်းအချိန်ခွဲကာ လေ့ကျင့်ခွင့်ရရှိခဲ့ပြီး အသင်းတိုင်းကလည်း ယင်းအခွင့်အရေးကို ရယူခဲ့ကြသည်။
မော်ရင်ဟိုကမူ အသင်းကို မန်ချက်စတာတွင်သာ ဆက်လက်လေ့ကျင့်ရန် ရွေးချယ်ခဲ့ပြီး အင်္ဂါနေ့မှ ဆွီဒင်နိုင်ငံ သို့ စတင်ထွက်ခွာရန်ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။
မော်ရင်ဟိုသည် အိုးလ်ထရက်ဖို့ဒ်တွင် လေ့ကျင့်ခန်းပြုလုပ်ရာတွင်လည်း တနင်္ဂနွေပွဲစဉ်အပြီး ပြန်လည် အင်အားဖြည့်တင်းရန်အတွက် အပေါ့စားလေ့ကျင့်ခန်းများကိုသာ ပြုလုပ်သွားမည်ဖြစ်ပြီး အင်္ဂါနေ့တွင် ဆွီဒင် နိုင်ငံသို့ ထွက်ခွာကာ ဗုဒ္ဓဟူးနေ့တွင် ဗိုလ်လုပွဲစဉ်ကို ကစားသွားမည်ဖြစ်သည်။
# Eleven