ဒုံးကျည်စမ်းသပ်မှုကို ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ဟု မြောက်ကိုရီးယား ထုတ်ပြန်

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဒုံးကျည်စမ်းသပ်မှုကို ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တာလတ်ပစ် ဒုံးကျည်တစ်စင်းကို မေ ၂၁ ရက် က စမ်းသပ်ခဲ့ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကြေညာခဲ့သည်။ မေ ၂၂ ရက်တွင်မူ မြောက် ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း အတည်ပြုပြီး ဒုံးကျည်အမျိုးအစားနှင့် အခြား အချက်အလက် များကိုပါ ထည့်သွင်းဖော်ပြသွားသည်။

ဂျပန်ကမ်းလွန်ရေပြင်တွင် ကျရောက်ခဲ့သည့် ဒုံးကျည်မှာ Pukguksong-2 အမျိုးအစားဖြစ်ကြောင်း မြောက် ကိုရီးယားပိုင် KCNA သတင်းဌာနက ဆိုသည်။ ထို့အပြင် ဒုံးကျည်သည် လက်တွေ့ကွင်းဆင်း အသုံးပြုရန် အသင့်အနေအထားဖြစ်နေပြီး အရေအတွက် အများအပြား ထုတ်လုပ်သည့် အဆင့်သို့ တက်လှမ်းရန် ကင်မ်က တိုက်တွန်း ခဲ့ကြောင်းလည်း သိရသည်။

တောင်ကိုရီးယားကမူ အဆိုပါ ဒုံးကျည် စမ်းသပ်မှုသည် အဆင်အခြင် ကင်းမဲ့သည့်လုပ်ရပ်ဟု ဝေဖန်ထား သည်။ ထို့အပြင် ဆန်းစစ်ရရှိထားသည့် အချက်အလက်များအရ မြောက်ကိုရီးယား၏ ဒုံးကျည် နည်းပညာ ပိုင်းတွင် အသိအမှတ်ပြုရလောက်သော တိုးတက်မှုများရှိနေသည်ကို အတည်ပြုနိုင်ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရိုဂျေချောင်က ဝန်ခံခဲ့ သည်။

Pukguksong-2သည် မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်များ၏ ကုန်းမြေအခြေစိုက် ပစ်ခတ်သော မူကွဲဖြစ်သည်။ အဆိုပါဒုံးကျည်ကို ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် စမ်းသပ်ပြီး လောင်စာခဲကို အသုံးပြုကြောင်း သိရသည်။

လောင်စာခဲသည် ပေါက်ကွဲနိုင်သော ဂျယ်လီတစ်မျိုးနှင့် သဏ္ဍန်တူပြီး လောင်စာ အရည်ထက် ပိုမိုအသုံးခံ သည်။ ထို့အပြင် ဒုံးကျည်၏ လောင်စာကန်ထဲတွင် အလွယ်တကူ ထည့်သွင်းနိုင်ပြီး လောင်စာရည်ကဲ့သို့ အထူးစီမံ ပြုလုပ်ထားရသည့် လှောင်ကန်မျိုး မလိုအပ်ချေ။

Ref: CNN