လာမည့် လွှတ်တော်အစည်းအဝေးများတွင် တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှု၊ စီးပွားရေးဆိုင်ရာ မေးခွန်းများ ပြည်ခိုင်ဖြိုးပါတီ မေးမြန်းမည်

မေ ၁၈ ရက်တွင် စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှု၊ စီးပွားရေးဆိုင်ရာ မေးခွန်းများ မေးမြန်းသွား မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောကြားသည်။

မေ ၁၂ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ပါတီ၏ ဆောင်ရွက်ချက်များအား မီဒီယာများကို ရှင်းလင်း စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လက်ရှိ ဖြစ်ပေါ်နေသည့် တရားဥပဒေစိုးမိုးမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဆောင်ရွက်မည့် အခြေအနေများအား မေးမြန်းစဉ် ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးလှသိန်းက “ကျွန်တော်တို့ရဲ့ရည်မှန်းချက် ဦးတည်ချက်ကတော့ နိုင်ငံ တွင်းမှာ ရှိကြတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ လိုအင်ဆန္ဒတွေ၊ လိုအပ်ချက် တွေ၊ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ။ ဒီနှစ်ခုနဲ့ သယ်ပိုး ဆောင်ရွက်သွား မယ် ဆိုပြီးတော့ စီစဉ်ထားတာ ဖြစ်ပါတယ်။

လွှတ်တော်မှာလည်း ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ မေးမြန်းသွားဖို့ ရှိပါတယ်။ နောက် ကျွန်တော် တို့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေ အပေါ်မှာလည်း ဘယ်လို ဆောင်ရွက်သွားမလဲဆိုတဲ့ မေးခွန်းမျိုးတွေကို ကျွန်တော်တို့ မေးမြန်းသွား ဖို့ အစီအစဉ် ရှိပါတယ်။

ကျွန်တော်တို့ပါတီ အပါအ၀င် ပါတီ ၁၃ ခုကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတဲ့ တင်ပြချက်အပေါ်မှာ ထွက်ပေါ်လာတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့မှ လွှတ်တော်မှာ လိုအပ်သလို မေးခွန်းအဆိုတွေလည်း ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “လက်ရှိအချိန်တွင် ကျွန်တော်တို့ပါတီနဲ့ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်ပါတီ နှစ်ခုက အင်အားကြီးပါတီတွေ ဖြစ်ပါတယ်။ သူနိုင်ကိုယ် နိုင် ထိပ်တိုက် ရင်ဆိုင်ယှဉ် ပြိုင်နေကြတဲ့ ပါတီနှစ်ခု ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကြောင်းအရာ အမျိုးမျိုးနဲ့ အခြေအနေပေါင်းစုံနဲ့ တိုက်ဆိုင်ပြီးတော့မှ ကျွန်တော်တို့ပါတီ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့တယ် ဆိုတာကလည်း ကျွန်တော်တို့ဟာ ပြည်သူလူထုက မဲမပေးဘဲနဲ့ ထောက်ခံမဲ မရဘဲနဲ့ ရှုံးနိမ့် ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ပါတီကို ချစ်ခင်နှစ်သက်တဲ့သူ အများအပြား ရှိပါတယ်။

ဒီကနေ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ လက်ရှိအစိုးရ သက်တမ်း တစ်နှစ်ကျော် ကာလလေးမှာ ပြည်သူလူထုအနေနဲ့ သူတို့ မျှော်လင့်ခဲ့တဲ့၊ သူတို့ တောင့်တခဲ့တဲ့၊ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို သူတို့ အား ကိုးယုံကြည်တဲ့ ပါတီအစိုးရက ဘယ်လောက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သလဲ။ သူတို့ရဲ့ အကျိုးစီးပွား၊ သူတို့ရဲ့ လူမှုဘ၀ မြင့်မားတိုးတက် ရေး၊ ဘယ်လောက် ဖန်တီးနိုင်သလဲဆိုတာကို တစ်နှစ်တာ ကာလအတွင်း မှာ သူတို့ ထိုက်သင့်တဲ့ သိမြင်မှုတွေ၊ ခံစားမှုတွေ ရလာပါတယ်။

အဲဒီအပေါ်မှာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးတဲ့ အနေအထားမှာ အနိုင်ရပါတီအနေနဲ့ ယခင်က ၈၀ ရာခိုင်နှုန်းလောက် ရခဲ့ပြီးတော့ အခုမှာ ၄၇ ရာခိုင်နှုန်းလောက်အထိ ကျဆင်းလာတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြီးခဲ့တဲ့ကာလ ဆောင်ရွက်ချက်တို့ ကို ပြည်သူတချို့ နားလည်လာပြီ။ မြန်မာတွေရဲ့ အယူအဆ ရှိပါတယ်။

လူတစ်ယောက် အဲဒီလူ မရှိတဲ့အချိန်မှာ အဲဒီလူရဲ့ကောင်းတာတွေ ဆိုးတာ တွေကို ပိုပြီး သိလာပါတယ်။ အခုလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အစိုးရ ၂၀၁၀ -၂၀၁၅ ကာလမှာ ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့အကျိုးပြုမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရေးကိစ္စတွေဟာ အဲဒီအစိုးရ မရှိတဲ့ကာလမှာ ယခင်နဲ့ ယခု နှိုင်းယှဉ်သုံးသပ်ပြီးတော့မှ သိမြင်ခံစားလာရပါပြီ။

Eleven Media Group