ရခိုင်အဖွဲ့အစည်းများက တွေ့ဆုံမည်ဆိုပါက အချိန်၊နေရာမရွေးတွေ့ရန် အဆင်သင့်ရှိဟု ကိုဖီအာနန် ဦးဆောင် သော ရခိုင်အကြံပေးကော်မရှင် ကမ်းလှမ်း

ရခိုင်အဖွဲ့အစည်းများက တွေ့ဆုံမည်ဆိုလျှင် အချိန်၊ နေရာမရွေး တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောကြား သည်။

အခြေအနေနှင့် ပြည်တွင်းရေးကို နိုင်ငံတကာက လာရောက်စုံစမ်းသည်ဆိုကာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို သပိတ်မှောက်ထားသည့် ရခိုင်အဖွဲ့အစည်းများရှိနေသော အခြေအနေနှင့် ကော်မရှင်၏ မေလ ၉ ရက် စစ်တွေခရီးစဉ်တွင် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ခြင်းမရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ 7Day Daily အား ပြောကြားသည်။

ရခိုင်ခရီးစဉ်တွင် ကော်မရှင်အနေဖြင့် တွေ့ဆုံရန် ကမ်းလှမ်းခြင်းမရှိကြောင်းနှင့် ရခိုင်တိုင်းရင်းသားများ အနေ ဖြင့်လည်း ကော်မရှင်၏ဆောင်ရွက်ချက်အပေါ် လက်ခံနိုင်ခြင်းမရှိ၍ ယုံကြည်မှု မရှိသေးကြောင်း ရခိုင်လူမှုအဖွဲ့ အစည်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (စစ်တွေ)နာယက ဦးသန်းထွန်းက ပြောသည်။

ကိုဖီအာနန်ခေါင်းဆောင် သည့် ရခိုင်အကြံပေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းမပြုရန် အဖွဲ့အစည်း ၇၀ ကျော်ပါဝင်သော ရခိုင်လူမှုအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ဆုံးဖြတ် ထားသည့်အပေါ် ကော်မရှင်က ယင်းအဖွဲ့များနှင့် တွေ့ဆုံနိုင်ရေး ရခိုင်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှတစ်ဆင့် ပန်ကြား ထားသည်။

ရခိုင်ကော်မရှင်အဖွဲ့ဝင်များသည် စစ်တွေခရီးစဉ်မှ ပြန်လာပြီးနောက် မေလ ၁၀ ရက် ညနေတွင် ရန်ကုန်မြို့ရှိ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ရုံး၌ ရခိုင်ဒေသရှိ နှစ်ဖွဲ့ လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး အကြံဉာဏ်များ ရယူခဲ့ကြောင်း သတင်းရရှိသည်။

CDNH က  ဆောင်ရွက်နေသည့် နှစ်ဖွဲ့လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကိုခေါ်ယူပြီး ညှိနှိုင်း ဆွေးနွေးသင်တန်း ပေးခြင်း အစီအစဉ်တွင် ပါဝင်သည့်အနေဖြင့် ကော်မရှင်က သွားရောက်တွေ့ဆုံကာ အကြံဉာဏ်များရယူခဲ့ဟု ဦးအေးလွင် က ပြောသည်။

CDNH သည် ၂၀၁၂ ရခိုင် ပဋိပက္ခအပြီးတွင် ဖွဲ့စည်းသည့် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကျော်ရင်လှိုင် ဦးဆောင်ဖွဲ့စည်းသော အရပ်ဘက် အဖွဲ့အစည်းဖြစ်သည်။ ကော်မရှင်၏ မေလ ၉ ရက်  ရခိုင်ခရီးစဉ် သွားရောက်ခြင်းမှာ ကြားဖြတ်အစီရင်ခံစာပါ အကြံပေးမှုနှင့် ပတ်သက်၍ ပြည်နယ် အစိုးရဆောင်ရွက်မှုများ သိရှိရန်ဖြစ်ကြောင်း ကော်မရှင်မှ သိရသည်။

ခရီးစဉ်အတွင်း ကော်မရှင်အနေဖြင့် ပြည်နယ်အစိုးရ၊ UNအဖွဲ့အစည်းများ၊ INGO အဖွဲ့အစည်းများ၊ ရခိုင်နှင့် ဘင်္ဂါလီ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

# 7 Day