ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်း ဧက ငါးသောင်းခန့်ထိ တိုးချဲ့မည်

 

ဒေသခံတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ငါးသောင်းခန့်အထိ တိုးချဲ့သတ်မှတ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရှိ ရသည်။

လက်ရှိ သတ်မှတ်ထားသည့် ဧကအပြင် ထပ်မံ၍ ဧရိယာ ၂၀၁၂၉ ဧက တိုးချဲ့ကာ ညောင်ဦးမြို့အရှေ့ဘက်ရှိ ယုန်လွှတ်ကျွန်းနှင့် ဧရာဝတီ မြစ်တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင် (မကွေးတိုင်းဒေသကြီး) တို့ကိုပါ ထည့်သွင်း သတ်မှတ်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စီစဉ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တိုးချဲ့သတ်မှတ်ခြင်းဖြင့် မြို့၊ ရွာ၊ ရပ်ကွက်တို့ ရွှေ့ပြောင်းခြင်း၊ တည်ဆောက်ပြီးသည့် ဟိုတယ်၊ မိုတယ်များ ဖျက်ခြင်းတို့ကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ပုဂံနှင့် ညောင်ဦးမြို့တို့သည် လက်ရှိတွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရာဇုန် (Monumental Zone) အတွင်းရှိနေပြီး အဆိုပါမြို့တို့ကို အဆိုပြု ရှေးဟောင်းဇုန် (Proposal Buffer Zone) အတွင်း ထည့်သွင်းလိုက်မည်ဆိုပါက မြို့နှစ်မြို့၏ ရပ်တည်မှု ပိုမို ခိုင်မာသွားခြင်း၊ မြို့သူမြို့သားများ စိုးရိမ် ပူပန်မှုကင်းစွာ နေထိုင်နိုင်ခြင်း၊ တည်ဆောက်ပြီးစီးထားသည့် ဟိုတယ်၊ မိုတယ်၊ စီးပွားရေး အဆောက်အအုံ များ ဆက်လက် ရပ်တည်ခွင့်ရခြင်းတို့အပြင် ဒေသခံ အကျိုးစီးပွားအတွက် SME ဟု ခေါ်သည့် အသေးစားနှင့် အလတ်စား အိမ်တွင်းစီးပွားများကိုလည်း တည်ထောင်ခွင့် ရရှိကြမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

“ဇုန်ပြင်ဆင်သတ်မှတ်ရင် ဒေသခံတို့ အကျိုးစီးပွား ပိုမို အကာအကွယ်ပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ကတိပေး ပြောဆိုသည်။

လက်ရှိ ပုဂံဒေသ၏ ရှေးဟောင်းဇုန် ဧရိယာမှာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်သာ သတ်မှတ်ထားပြီး တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင် အပါအဝင် မြစ်အလယ်မှ ကျွန်းကြီးများ ရှိနေသည့်အတွက် ထိုဝန်းကျင်တွင် ဟိုတယ်ဖွင့်လှစ်ခြင်း၊ ကွန်ဒိုကြီးများ တည်ဆောက်ခြင်းတို့ လုပ်ဆောင်ကြမည်ဆိုလျှင် ပုဂံ၏မြင်ကွင်းတို့ ပျောက်ကွယ်စေနိုင်၍ ဧရာဝတီမြစ်ကို ကာကွယ်ခြင်းနှင့်အတူ ဇုန်ဧရိယာကို တိုးချဲ့ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားထားသည်။

လက်ရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသကို ရပ်ကွက်ရှစ်ခု၊ ကျေးရွာ ငါးရွာ ပါဝင်ပြီး ဧရိယာ ၇၆၈၅ ဧက ကျယ်ဝန်းသည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရာဇုန် (Monumental Zone)၊ ရပ်ကွက် ကိုးခု၊ ကျေးရွာသုံးရွာ ပါဝင်ပြီး ဧရိယာ ၆၄၁၇ ကျယ်ဝန်းသည့် ရှေးဟောင်းနေရာ တည်ရှိရာဇုန် (Ancient Zone)၊ ကျေးရွာအုပ်စု သုံးခုပါဝင်ပြီး ဧရိယာ ၁၃,၈၆၈ ဧက ကျယ်ဝန်းသည့် ကာကွယ်ထိန်းသိမ်းထားသောဇုန် (Protected Zone)၊ စုစုပေါင်း အကျယ်အဝန်း ဧရိယာ ၂၇,၉၇၀ ဧကဖြင့် ဖွဲ့စည်းထားသည်။

The Voice