ဆီးရီးယားနိုင်ငံအား ထောက်ပံ့ရန် အလှူငွေ ဒေါ်လာ ၆ ဘီလျံခန့်ရရှိကြောင်း အီးယူပြော

ဆီးရီးယားနိုင်ငံရှိ သူပုန်များထိန်းချုပ်ရာ နယ်မြေမှမြို့သို့ ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခံရမှုအပြီးတွင် ဘရက်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သော ဆီးရီးယားထောက်ပံ့ရေး ညီလာခံ၌ နိုင်ငံတကာမှ အလှူရှင်များက ၂၀၁၇ တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့် လှူဒါန်းရန် ကတိက၀တ်ပြုခဲ့ကြောင်း ဥရောပသမဂ္ဂ (အီးယူ) မှ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

“ကျနော်တို့ရဲ့ ညီလာခံဟာ လူအများထံသို့ ၀မ်းသာစရာကောင်းတဲ့ သတင်းစကားတစ်ခုကို ပေးပို့ချင်ပါ တယ်။ ကျနော်တို့ ဆီးရီးယားပြည်သူတွေကို စိတ်မပျက်စေရပါဘူး” ဟု အီးယူ၏ လူသားချင်းဆိုင်ရာ ထောက်ပံ့ရေး မဟာမင်းကြီး ခရစ္စတော့စ်စတိုင်လီယာနီဒက်စ်က ကိုယ်စားလှယ်များအား ပြောခဲ့သည်။

“ဒီနေ့ ဒီနေရာကို ရောက်ရှိလာတဲ့ ကိုယ်စားလှယ်တွေဟာ ဆီးရီးယားနိုင်ငံအား ယခုနှစ်တစ်ခုတည်း အတွက် ထောက်ပံ့ရန် ဒေါ်လာ ၆ ဘီလျံခန့် စုပေါင်းလှူဒါန်းဖို့ ကတိက၀တ်ပြုခဲ့ကြပါတယ်” ဟု သူက အီးယူနှင့်ယူအဲန် မှ ပူးတွဲကျင်းပသော ညီလာခံ၌ လက်ခုတ်သြဘာချီးမြှင့်ရင်း ပြောခဲ့သည်။

“ကျေးဇူးအရမ်းတင်ပါတယ်။ ဒီပမာဏဟာ တကယ့်ကို အထင်ကြီး လေးစားစရာပါပဲ” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

စတိုင်လီယာနီဒက်စ်က ယခုငွေပမာဏသည် အသစ်လက်ခံရရှိသော အလှူငွေဖြစ်သလား၊ သို့မဟုတ် ထိုငွေ များသည် စစ်ဘေးသင့်နေသော ဆီးရီးယားနိုင်ငံအတွက် အစောပိုင်းကတည်းက   နိုင်ငံတကာ အသိုင်းအ၀န်းမှ လှူဒါန်းရန် ကတိက၀တ်ပြုထားသလား ဆိုတာကို ရှင်းရှင်းလင်းလင်းမပြောခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ်က လန်ဒန်မြို့တွင် ကျင်းပခဲ့သော ညီလာခံမှလည်း လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ရေး ပရိုဂရမ်များအတွက် ဒေါ်လာ ၁၂ ဘီလျံခန့် ရရှိခဲ့ကြောင်းလည်း သိရသည်။

-Ref; AFP