NCA အပေါ် သဘောထား ရပ်တည်ချက်ချမှတ်ရန် UNFC အရေးပေါ် အစည်းအဝေး ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် UNFC အဖွဲ့ဝင် အဖွဲ့အစည်း များ၏ သဘောထားရပ်တည်ချက် ချမှတ်ရန်နှင့် ပတ်သက်၍ UNFC ဗဟိုအလုပ် အမှုဆောင် အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်း၌ ဧပြီ ၃ ရက်က စတင်ကျင်းပလျက်ရှိသည်။

NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ပါဝင်သည့် UNFC အဖွဲ့အတွင်း၌ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးဆောင်ရွက်မည့်အဖွဲ့၊ NCA မထိုးဘဲ လက်နက်ကိုင်အဖွဲ့ UWSA ၏ ဦး ဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးမည်ဆိုသည့်အဖွဲ့ဟူ၍ ကွဲပြားခြားနားနေရာ ယင်းကိစ္စအပေါ် ညှိနှိုင်းရန် ယခုကဲ့သို့ အရေးပေါ် အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အစည်းအဝေးကျင်းပတာတော့ ဟုတ်တယ်။ ကျွန်တော်လည်း တက်ပါတယ်။ ကျွန်တော် ဘာမှ ပြောပိုင် ခွင့်မရှိပါဘူး’’ ဟု UNFC အဖွဲ့ဝင် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) ကိုယ်စားလှယ် စ၀်ဖိန်ဖက ဧပြီ ၃ ရက်ညတွင် ပြောသည်။

UNFC အရေးပေါ်အစည်းအ ဝေးအခြေအနေနှင့် ပတ်သက်၍ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများ ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း အဆက်အသွယ်မရပေ။

UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) သည် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းရန် ဆုံးဖြတ်ထားသကဲ့သို့ တစ်ဖက်တွင်လည်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO) နှင့် SSPP တို့က NCA မထိုးဘဲ UWSA ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးမည်ဆိုသော ပန်ခမ်းကြေညာချက်တွင် ပါဝင်ထားသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအကြား NCA အပေါ် ရပ်တည်ချက်နှင့် ပတ်သက်၍ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာကို မတ်လ ၃၁ ရက်က မေးမြန်းရာ အဖွဲ့အတွင်း ဆွေးနွေးညှိနှိုင်းမည် ဟု ဖြေကြားထားသည်။

NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ NMSP ဒုဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာက ‘‘ကျွန်တော်တို့ ဗဟို အလုပ်အမှုဆောင် (NMSP ဗဟိုအလုပ်အမှုဆောင်) ထဲမှာတော့ NCA လိုင်းကိုလိုက်ဖို့ အမြင် သဘော ထားရှိတယ်။ ဒါပေမဲ့ ဗဟိုကော်မတီထဲမှာလည်း ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်ရဦးမယ်။ နောက်ပြီးတော့မှ တပ်ပေါင်းစု (UNFC) ထဲမှာလည်း ကျွန်တော်တို့ ဆွေးနွေးရဦးမယ်။ အဲဒါအားလုံးအမြင်တွေ တူညီမှပဲ။ ဒါက အဲဒီအဆင့်ကို ရောက်မယ်။ ကျွန်တော်တို့ကတော့ သီးခြားတစ်ဖွဲ့ချင်းစီအနေနဲ့ မလုပ်ပါဘူး။ တပ်ပေါင်းစု အဖွဲ့ဝင်ဆိုတာ အားလုံးစုပေါင်းပြီး လုပ်ရမယ့်ကိစ္စ’’ ဟု ပြောကြားထားသည်။

UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးသို့ KIO၊ SSPP၊ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သတင်းရရှိသည်။ # 7 Day Daily