ဗင်နီဇွဲလားတွင် လွှတ်တော်အာဏာကို ရယူထိန်းချုပ်မည့် ဆုံးဖြတ်ချက်ကို တရားလွှတ်တော်ချုပ်က ပြန်လည်ရုတ်သိမ်း သွားခဲ့သော်လည်း ဆန္ဒပြမှုများ ဆက်လက်ပေါ်ပေါက်နေ

ဗင်နီဇွဲလားနိုင်ငံတွင် ဥပဒေပြုလွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာများကို တရားလွှတ်တော်ချုပ်က လွှဲပြောင်း ချုပ်ကိုင်ရန် စီစဉ်ခဲ့မှုအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က ၀ိုင်းဝန်းပြစ်တင် ခဲ့ကြသည်။ ယင်းလုပ်ရပ်မှာ အစိုးရ၏ အာဏာသိမ်းရန် ကြိုးပမ်းချက်သာ ဖြစ်သည်ဟုဆိုပြီး ယင်းအပေါ် ပြည်တွင်း၌ ကန့်ကွက်ဆန္ဒပြမှုများလည်း ပေါ်ပေါက်ထားခဲ့သည်။

တရားလွှတ်တော်ချုပ်အနေဖြင့် ဥပဒေပြုလွှတ်တော်ကို အာဏာလွှဲပြောင်းထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြင့် သမ္မတ နီကိုလပ်စ မာဒူရို၏ အာဏာကို ပိုမိုခိုင်မာစေရန် အားထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြကြရန် အတိုက်အခံအုပ်စုကလည်း တောင်းဆိုပြောကြားခဲ့သည်။

သို့သော် နိုင်ငံတကာ၏ ပြစ်တင်မှုများနှင့်အတူ အခြေအနေများ ရှုပ်ထွေးလာခဲ့ပြီးနောက် ယခုအခါ တရား လွှတ်တော်ချုပ်က ယင်းဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တော့မည်မဟုတ်ဟုဆိုကာ ပြန်ပြင်ဆုံးဖြတ်သွား ခဲ့သည်။ သို့ရာတွင်လည်း အခြေအနေများ တည်ငြိမ်သွားခြင်းမရှိဘဲ ဆန္ဒပြမှုများ ဆက်ရှိနေဆဲဖြစ်သည်။

လွှတ်တော်အာဏာသိမ်းရန် ကြံစည်သည်စွဲချက်များထွက်ပေါ်ပြီးနောက် မိမိတို့ တရားရုံးချုပ်အနေဖြင့် လွှတ်တော်ကို ဖျက်သိမ်းသည်အထိ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းတော့ မရှိကြောင်း တရားလွှတ်တော်ချုပ် တရားသူကြီးများက ခုခံပြောဆိုသွားသည်။

ယခုကဲ့သို့ နိုင်ငံ၏ အမြင့်ဆုံး တရားရုံး၏ သဘောထားအပေါ် အတိုက်အခံအုပ်စုဘက်မှ ကျေနပ်ခြင်း မရှိသေးဘဲ ဆက်လက်ပယ်ချသွားခဲ့သည်။

” ဒီလိုပြန်ပြင်လို့ ဘာမှ ပြောင်းလဲမသွားပါဘူး၊ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေက ဆက်ရှိနေဦးပါတယ်” ဟု အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သည့် လွှတ်တော်ဥက္ကဌ ဂျူလီယိုဘော်ဂက်စ် က ပြောသည်။ ချီတက် ဆန္ဒပြမည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

ယင်းနိုင်ငံတွင် လက်ရှိသမ္မတ မာဒူရိုအနေဖြင့် အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုပြီး အတိုက်အခံအုပ်စုဘက်က စွပ်စွဲထားပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန်   တောင်းဆိုမှုများ လည်း ရှိနေသည်။ Mizzima