ရာသီဥတုကြောင့် ဩစတြေးလျ ရေကန်တစ်ခု ပန်းရောင်ပြောင်းသွား

ရာသီဥတု ပူပြင်းမှုနှင့် ဘူမိဗေဒ ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဩစတြေးလျနိုင်ငံရှိ ရေကန်တစ်ခုတွင် ရေများ ပန်းရောင် ပြောင်းလဲသွားကြောင်း သိရသည်။

မဲလ်ဘုန်းရှိ ဗစ်တိုးရီးယားအရပ်မှ ဝက်စ်ဂိတ်ဥယျာဉ်အတွင်း တည်ရှိသည့် ဆားရေကန် အရောင်ပြောင်းသွား ခြင်းကြောင့် လူအများ တအံ့တဩ ဖြစ်ခဲ့ကြသည်။ သို့သော် ပညာရှင်များကမူ ယင်းသည် ရာသီဥတု ပူနွေးလာ ခြင်း၊ နေရောင်ခြည် ကျရောက်မှု ပိုမိုများပြားခြင်း၊ မိုးခေါင်ခြင်းနှင့် ဆားဓာတ် အလွန်မြင့်တက်လာခြင်းတို့၏ ဘက်ပေါင်းစုံ စုပေါင်း အကျိုးသက်ရောက်မှုဟု ပြောကြားခဲ့သည်။

ဥယျာဉ် ထိန်းသိမ်းရေး ဝန်ထမ်းများက ရေကန်အောက်ခြေရှိ ဆားပွင့်များကို မှီခိုရှင်သန်သော အယ်လ်ဂျေး ရေညှိတစ်မျိုး ပိုမိုထူထပ်လာပြီး အနီရောင်ခြယ် ဓာတ်ပစ္စည်းများကို ထုတ်ပေးသဖြင့် ရေအရောင်ပြောင်းသွားခြင်း
ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

နေရောင် ပြင်းပြစွာ ကျရောက်ခြင်းကြောင့် ယင်းရေညှိများ၏ အစာချက်လုပ်မှု ဖြစ်စဉ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ဆားဓာတ် လွန်ကဲခြင်းကြောင့်လည်း ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုမှာ ပုံမှန် အနေအထားထက် ပိုမို များပြားလာကြောင်း သိရသည်။

Beta Caroteneခေါ် အနီရောင်ခြယ် ဓာတ်ပစ္စည်း၏ အနည်းအများအပေါ် မူတည်၍ ရေအရောင်မှာ ပန်းရောင်၊ သို့မဟုတ် အနီရောင်တောက်တောက် အမျိုးမျိုး ဖြစ်နိုင်ကြောင်း ဆိုသည်။ ထို့ကြောင့် ယင်းကန်ရေ၏ အရောင် သည် လာမည့် ရက်ပိုင်းများအတွင်း နောက်ထပ် အပြောင်းအလဲများ ရှိလာနိုင်သည်။

သို့သော် ဆောင်းရာသီ ပြန်လည် ကျရောက်လာချိန်တွင်မူ ကန်ရေပြင်သည် မူလအတိုင်း အပြာမှိုင်းမှိုင်း ပြန်ဖြစ်သွားမည်ဟုလည်း ပညာရှင်များက ခန့်မှန်းထားသည်။

Ref: CNN