လာမည့် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံ သွားမည်ဟု သိရ

လာမည့်ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် မတ် ၂  ရက် တွေ့ဆုံ ရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကျော်ဇေယျက ပြောကြားသည်။

“ဒီနေ့ နေ့လယ် ၂ နာရီမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေတော့ မီတာခတိုးကောက်မယ့်ကိစ္စ ပြောသွား တယ်။ ၀န်ကြီးချုပ်ပြောတာက ပြည်ထောင်စုအစိုးရကနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် အရှုံးခံပြီးတော့ လျှပ်စစ်က စီစဉ်ပေးခဲ့တာ ကြာခဲ့ပြီပေါ့နော်။ ထုတ်လုပ်မှုစရိတ်ကကို ၁၀၀ ပတ်ဝန်းကျင်လောက် ကျတာကို တစ်ယူနစ်ကို ၃၅ ကျပ်ပဲ ကောက်တယ်။ အဲဒါကြောင့် အရှုံးပေါ်နေတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွက် ရေရှည် မခံနိုင်ဘူးပေါ့၊ အဲဒီအတွက် တိုးကောက်မှဖြစ်မယ်။ တိုးကောက်ရင် ထုတ်လုပ်မှုကုန်ကျစရိတ်ထက် မြတ်အောင် ဆိုရင် ၁၃၀ နဲ့ ၁၃၅ ကျပ်အကြားရမှကို ဖြစ်မယ်ဆိုပြီး ပြောသွားတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေ သဘောပေါက်အောင် ချပြပေးရမယ်လို့ ပြောသွားတယ်။ မီတာခ တိုးမြှင့်ကောက်ခံတာကို ရှေ့လာမယ့် ဘဏ္ဍာ ရေးနှစ်မှာ ကောက်မယ်လို့ပြောတယ်။ ရှေ့လာမယ့် ဘဏ္ဍာရေးနှစ်က ဧပြီ ၁ ရက်က စမယ်ဆိုတော့ ဧပြီလကုန်မှာ ပေးရမယ့်သဘော ဖြစ်သွားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

ယခုနှစ်အတွင်း ပြည်ထောင်စုအစိုးရ ရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ နှစ်ခုပေါင်းကာ အရှုံးခံ ထုတ်လုပ် သွားမည်ဖြစ်ကြောင်း၊ နောင်နှစ်များတွင်သာ လျှပ်စစ်မီးကို ပြည့်ပြည့်၀၀ အစိုးရမှ တာဝန်ယူပြီး ဖူဖူလုံလုံ ပေး နိုင်မည်ဆိုမှ ပြည်သူလူထုကို ချပြပြီး နှစ်ပေါင်းများစွာ ဆုံးရှုံးခံကာ ထုတ်လုပ်လာမှုအတွက် နားလည် သဘောပေါက်ရန် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

မတ် ၂ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ လပတ်အစည်းအဝေး ပြုလုပ်ခြင်း ဖြစ်ပြီး လျှပ်စစ်ကိစ္စရပ်များ၊ မတ် ၂၀ ရက်တွင် စတင်မည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဆွေးနွေး မည့် ဘတ်ဂျက်ကိစ္စရပ်များကို ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါ်ကြည်ပြာက ပြောကြားသည်။

# Eleven