အရပ်သားအစိုးရအောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထားရှိရေး အချက်အပါအ၀င် လုံခြုံရေးဆိုင်ရာ ဆွေးနွေးချက် များကို ၂၁ ပင်လုံသို့ တင်ပြမည်

နိုင်ငံရေးပါတီ ၂၂ ပါတီဆွေးနွေးထားသည့် အရပ်သား အစိုးရအောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထားရှိရန် အပါအ၀င် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များကို ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ ဆွေးနွေး တင်ပြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီ ၂၂ ပါတီက လုံခြုံရေးဆိုင်ရာ ကဏ္ဍနှင့် ပတ်သက်၍ ဖေဖော်ဝါ ရီ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ် ခဲ့သော ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ကြသည်။

အရပ်သားအစိုးရအောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထားရှိရန်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ပြီး ပါက ပြည်ထောင်စုတပ်မတော် တစ်ခုတည်းထားရှိရန်၊ တပ်မတော်၏ တာဝန်မှာ ပြည်ပကျူးကျော်ရန်များကို ကာကွယ်ပေးရန် ဖြစ်ကြောင်းစသည့် ကာကွယ်ရေးဆိုင်ရာမူဝါဒများကို ဆွေးနွေးခဲ့ကြကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

‘‘နိုင်ငံရေးပါတီတွေက လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ပြီးဝင် ဆွေးနွေးလို့မရတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှုပူးတွဲကော်မတီမှာ ပါဝင်တဲ့လုပ်ငန်းကော်မတီကတစ်ဆင့် လုံခြုံရေးကဏ္ဍကို ပင်လုံညီလာခံမှာ တင်ပြဆွေး နွေးသွားမယ်။ ပါတီတွေ အားလုံးက သဘောတူတဲ့အချက်တွေကိုပဲ ဆွေးနွေးမှာပါ’’ ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေးပါတီအစုအဖွဲ့များ လုံခြုံရေးဆိုင်ရာကဏ္ဍနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာ ပညာရှင် များ၏ လုံခြုံရေးကဏ္ဍ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ ပြည်တွင်းလုံခြုံရေးကိစ္စရပ်များ သည် ရဲတပ်ဖွဲ့နှင့်သာ သက်ဆိုင်ပြီး ယင်းရဲတပ်ဖွဲ့ထံတွင်သာ တာဝန်ရှိကြောင်းနှင့် လုံခြုံရေးကဏ္ဍ၌ အမျိုးသမီးများ လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း စသည့်အချက်များကို နိုင်ငံရေးပါတီ ၂၂ ပါတီက ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတာလှ ဖေက ‘‘ကျွန်တော်တို့ တပ်မတော်က ပြည်ပကျူးကျော်ရန်ကိုပဲ ကာကွယ်ရမယ့် အပြင် ပြည်တွင်းလုံခြုံရေးကို လည်း ရဲတပ်ဖွဲ့နဲ့ အရပ်သားအစိုးရရဲ့ လမ်းညွှန်မှုအောက်မှာတာဝန်ယူရမယ်။ ကျန်တဲ့သဘာဝ ဘေးဒဏ် ကိစ္စ တွေအပြင် ပြည်တွင်းမှာ ချိုးဖောက်နေတဲ့ လုံခြုံရေးက အစ ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်း ပေးဖို့ ပင်လုံညီလာခံမှာ တိုက်တွန်းတောင်းဆိုသွားဖို့ရှိတယ်’’ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီစသည့် နိုင်ငံရေးပါတီ ၂၂ ပါတီ ပါဝင်သော နိုင်ငံရေးပါတီအစုအဖွဲ့ကို ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ်ကျင်းပအပြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယခုလ အတွင်း ကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယအကြိမ် အစည်းအဝေးသို့ နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ် ၁၅၀ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ # 7 Day Daily