မော်ရင်ဟိုနှင့် စိတ်ဓာတ်စစ်ဆင်ရေး မလုပ်လိုကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီပြော

မန်ယူနည်းပြမော်ရင်ဟိုနှင့် စိတ်ဓာတ်စစ်ဆင်ရေး မပြုလုပ်လိုကြောင်း ချယ်လ်ဆီးနည်းပြကွန်တီက ပြောဆို လိုက်သည်။ မန်ယူအသင်းက ၀က်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် တွင် မော်ရင်ဟိုက ၎င်းတို့အသင်းအနေဖြင့် ချယ်လ်ဆီးကို လိုက်မီနိုင်လိ့မ်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ချယ်လ်ဆီးမှာ ခံစစ်ကို အလွန်အသား ပေးပြီး တန်ပြန်တိုက်စစ်ဖြင့်သာ ကစားသည့် အသင်းဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

 

ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းအတွက် ချယ်လ်ဆီးနည်းပြ ကွန်တီက ယခုအချိန်သည် မော်ရင်ဟိုနှင့် စကားစစ်ထိုးရမည့် အချိန်မဟုတ်ကြောင်းနှင့် ၎င်း၏တိုက်ခိုက်မှုကို မတုန့်ပြန်လိုကြောင်း ပြောသည်။

‘မော်ရင်ဟိုက စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာပါ။ ကျွန်တော်သိပါတယ်။ အဲ့ဒီအတွက်လည်း အတွေ့အကြုံ ရှိပြီးသားပါ။ ဘယ်နည်းပြနဲ့မှ စကားစစ်ထိုးတာမျိုးမလုပ်ချင်ပါဘူး’ ကွန်တီက ပြောသည်။

ယခုတစ်ပတ်တွင် ချယ်လ်ဆီးအသင်းမှာ ဘန်လေအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့သည့်အတွက် ဒုတိယနေရာမှ စပါးကို ၁၂ မှတ်ဖြတ်နိုင်မည့် အခွင့်အရေးလက်လွှတ်ခဲ့ရသည်။ ကွန်တီက ဘန်လေကွင်းသည် အနည်းငယ် ကျဉ်းသည့်အတွက် အမြင့်ဘောနှင့်ခံစစ်ကစားမည့်အသင်းများအတွက် ကောင်းမွန်ကြောင်း ပြောသည်။

ဘန်လေနှင့် သရေကျခဲ့ရသည့်အတွက် စိုးရိမ်ပူပန်မှုမရှိကြောင်းနှင့် ချန်ပီယံလုပွဲမပြီးသေးကြောင်း ကွန်တီက ထပ်မံပြောဆိုသည်။

‘အခြေအနေက ပုံမှန်ပါပဲ။ ပြိုင်ပွဲပြီးဖို့ ၁၃ ပွဲ လိုပါသေးတယ်။ တစ်စုံတစ်ယောက်က ချန်ပီယံလုပွဲပြီးဆုံးသွားပြီလို့ ထင်နေရင် ကျွန်တော်ကတော့ ‘NO’ လို့ ပြောမှာပါ။ အသင်းခြောက်သင်းစလုံး ချန်ပီယံဖြစ်နိုင်ပါသေးတယ်။ ဘာမဆို ဖြစ်ပျက်သွားနိုင်ပါတယ်’ ဟု ကွန်တီက ဆိုသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ဒုတိယနေရာမှ စပါးအသင်းကို ၁၀ မှတ်ဖြတ်ထားသည်။

_Ref; Goal.com