တန်းတက် အလာဗက်စ်နှင့် ဘာစီလိုနာ ကိုပါဒယ်ရေးဖလား ဗိုလ်လုမည်

ကိုပါဒယ်ရေးဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့တွင် ဆယ်လ်တာဗီဂိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက် တန်းတက်အလာဗက်စ်အသင်းသည် ၉၆ နှစ်သမိုင်းတွင် ပထမဆုံးအကြိမ် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး (၃၉)ကြိမ်မြောက် ဗိုလ်လုပွဲတက်လာသော ဘာစီလိုနာအသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

ပထမအကျော့က ဆယ်လ်တာဗီဂိုကွင်းတွင် ဂိုးမရှိသရေကျ ခဲ့ပြီးနောက် ဒုတိယအကျော့ ၎င်း၏ အိမ်ကွင်း၌ အလာဗက်စ်မှ တောင်ပံကစားသမား မန်းဒက်ဇ် က ၈၂ မိနစ်တွင် တစ်လုံးတည်းသော ဂိုးကို သွင်းယူခဲ့သည်။

‘‘ရာသီအစမှာတုန်းက ဒီလိုမျိုးဖြစ်လာဖို့ တွေးကြည့်လို့တောင်မရဘူး။ ကျွန်တော်တို့ ဒီဗိုလ်လုပွဲအတွက် စိတ်ဓာတ် တက်ကြွနေပါတယ်’’ဟု အလာ ဗက်စ်နည်းပြ ပယ်လီဂရီနီက ပြောကြားသည်။

‘‘၉၆ နှစ်ကြာပြီးတဲ့နောက်မှာ ကိုပါဒယ်ရေး ဗိုလ်လုပွဲရောက်တာဆိုတော့ အောင်မြင်မှုမတိုင်မီနဲ့ အောင်မြင် မှုရပြီး ဆိုတာ ရှိလာပါလိမ့်မယ်’’ဟု အလာဗက်စ်အသင်းဥက္ကဋ္ဌ ထရိုကိုနစ်ဇ်ကလည်း ပြောကြားသည်။

ထိုအတောအတွင်း လာလီဂါနှင့် ၁၀ နှစ်ကြာဝေးခဲ့ပြီး ယခုနှစ်တွင်မှ ပြန်လည်တန်းတက်လာသော အလာဗက်စ် နှင့် ဗိုလ်လုပွဲကစားမည့် ဘာစီလိုနာသည် နောက်ဆုံးကိုးနှစ်တွင် ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲသို့ ခုနစ်ကြိမ် မြောက် တက်ရောက်လာခြင်း ဖြစ်ပြီး နောက်ဆုံး ၂ နှစ်ချန်ပီယံ ဆုရယူထားသည်။

အလာဗက်စ်သည် ယခုနှစ် လာလီဂါတွင် ဘာစီလိုနာကို ၂- ၁ ဂိုးဖြင့် အံ့အားသင့်ဖွယ်အနိုင်ယူထားသော အသင်းဖြစ်ရာ မေလ ၂၈ ရက် ဗိုလ်လုပွဲ၌ ထိုကဲ့သို့ မထင်မှတ်သောရလဒ် ဖန်တီးနိုင်မည်လား စောင့်ကြည့်ရမည် ဖြစ်သည်။

Ref:AP