မစ္စယန်ဟီးလီ မောင်တောသို့ ယခုလ ၉ ရက်နေ့ လာရောက်မည်ဟုဆို

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသသို့ ဇန်န၀ါရီ ၉ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သည် ဇန်န၀ါရီ ၈ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ရောက်ရှိမည်ဖြစ်ပြီး ဇန်န၀ါရီ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ မောင်တောနယ်စပ်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများ သို့ သွားရောက်လေ့လာမည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် ယခင်က ရခိုင်ပြည်နယ်ခရီးစဉ်သို့ လာရောက် ချိန်တွင် မောင်တောနယ်စပ်ဒေသသို့ ရောက်ရှိ လေ့လာမှုနည်းပါးခဲ့ပြီး အကြမ်းဖက်မှုဖြစ်ပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် မောင်တောနယ်စပ်ဒေသသို့ လာရောက်မည့်ခရီးစဉ်ဖြစ်သည်။

“အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မူကြမ်းအရတော့ မောင်တောမြို့နယ် တောင်ပိုင်းကို နှစ်ရက်နဲ့ မြောက်ပိုင်းကို တစ်ရက် သွားရောက်ဖို့ ပါဝင်တာတွေ့ရပါတယ် ” ဟု မောင်တောနယ်စပ်အတွက် လုံခြုံရေးတာဝန်ယူထားရသည့် ရဲအရာရှိတစ်ဦးက ဇန်န၀ါရီ ၄ ရက်တွင် ပြောကြားသည်။

#Democracytoday