အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အသင့်ပြင်ဆင်ထားဟု ရခိုင်ပါတီပြော

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အသင့်ပြင်ဆင်ထားသည်ဟု ရခိုင်အမျိုးသား ပါတီ (ANP) တာဝန်ရှိသူများက ပြောသည်။ ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီတွင် ပါဝင်ရန် ကိုယ်စားလှယ် လျာထားပြီးဖြစ်သည်ဟု ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

ALP ပါတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုး ထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

သို့ရာတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ကြီးကြပ်မှုကော်မတီဖွဲ့စည်းရေးအတွက် အစိုးရက ဦးဆောင်ရန်လိုကြောင်းနှင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ရန်ပုံငွေ လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားသည်။

‘‘ကျင်းပဖို့အတွက် လုံခြုံရေး အခြေအနေကောင်းပါတယ်။ ဒီနေရာမှာ ကျင်းပဖို့ အဆင်သင့်ဖြစ်နေပါပြီဆိုတာမျိုး ကိုးဦးပါတဲ့ ကြီးကြပ်တဲ့ကော်မတီက UPDJC က ဥက္ကဋ္ဌအဖွဲ့ကို သတင်းပို့ရမှာ။ အဲဒီလိုသတင်းပို့တဲ့အခါ တစ်ခါ တည်း ဘတ်ဂျက်ကိစ္စပါ သတင်းပို့ရမှာပေါ့’’ဟု ဒေါက်တာအေး မောင်ကပြောသည်။

ANP အတွင်းရေးမှူး ဦးအောင်မြကျော်ကလည်း ‘‘ကျွန်တော်တို့ပါတီအနေနဲ့ ပြင်ဆင်ထားမှုတော့ရှိပါတယ်။ ကျွန် တော်တို့ ဘယ်လိုပဲပြင်ဆင်ပြင်ဆင် အဓိက ဦးဆောင်ကျင်းပရမှာက အစိုးရဖြစ်တော့ အစိုးရဘက်က ဘာမှ အဲဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုမရှိလို့ သူတို့ကို စောင့်ကြည့်နေရတဲ့ သဘောမျို ရှိပါတယ်’’ ဟု ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP နှင့်ရခိုင်ပါတီ ANP တို့သည် နိုဝင်ဘာက ဆွေးနွေးမှုတစ်ကြိမ်ရှိကြောင်း ၎င်းကဆိုသည်။

‘‘ပူးပေါင်းပြီးလုပ်ဆောင်ဖို့၊ မလုပ်ဆောင်ဖို့ကတော့ ကျွန်တော်တို့ပါတီ စီအီးစီအစည်းအဝေး ထိုင်ပြီးမှ သူတို့ကို အကြောင်းပြန် မယ်ဆိုပြီးပြောလိုက်တယ်’’ ဟု ဦးအောင်မြကျော်က ALP အဖွဲ့နှင့် ဆွေးနွေးမှုအခြေအနေကို ရှင်း ပြသည်။

ဒုတိယပင်လုံမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြီးနိုင်သမျှ ပြီးအောင်လုပ်မည်ဆိုသည့် မူသဘော ထားရှိသည်ဟု အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး ဆောင်ရွက်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ရဲဘော်မျိုးဝင်းက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၌ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် နေပြည်တော်တွင် အကြောင်းအရာအလိုက် (အရပ်ဘက် အဖွဲ့အစည်းများဖိုရမ်) အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အစိုးရက ဦးစားပေး လုပ်ဆောင် နေပြီး ယင်းဆွေးနွေးပွဲများအတွက် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေးဆောင်ရွက်နေသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော်တို့၌ ၂၀၁၇ ဇန်န၀ါရီ အတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပရန် သတ်မှတ် ထားသည်ဟု သိရသည်။ # 7 Day Daily