ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် သက်သေခံ လက်မှတ်များကို ဇန်န၀ါရီ ၁၆ ရက်တွင် စတင် ထုတ်ပေးမည်

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) များကို ဇန်န၀ါရီ ၁၆ ရက်၌ ထိုင်းနိုင်ငံတစ်ဝန်း စခန်းခြောက်ခုဖွင့်လှစ်၍ ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

ပန်းရောင်ကတ်များ ထုတ်ပေးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ Counter Service လက်မှတ်ရေးထိုးပွဲကို ဇန်န၀ါရီ ၁၁ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများသည် လက်ရှိကိုင်ဆောင်ထားသော ပန်းရောင်ကတ် များပြသ၍ ဆဲဗင်းအလဲဗင်း စတိုးဆိုင်များတွင် ဘတ်ငွေ ၃၀၀ ပေးသွင်းကာ CI ကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးမိုးအောင်ခိုင်က ပြောကြားသည်။

‘‘၁၁ ရက်မှာ နှစ်နိုင်ငံ Counter Service လက်မှတ်ထိုးမယ်။ ဆဲဗင်းအလဲဗင်းမှာ ဘတ် ငွေ ၃၀၀ သွင်းရမယ်။ နိုင်ငံသားဖြစ်ကြောင်း အစိမ်းရောင်စာအုပ်လေးပေါ့။ ဘတ်သမားတွေအတွက်ပေါ့။ ဘတ်ဆိုတာ ရေဘတ်သမား တွေရှိတယ်။ ကုန်းဘတ်သမားတွေရှိတယ်။ အခုပေးမယ့်ဟာ ကျအလုပ်သမားတွေ သွားလို့လာလို့ အဆင်ပြေတာ ပေါ့နော်။ ဗီဇာလည်းပါတယ်ဆိုတော့။ အရင်က ဘတ်တွေဆို ကန့်သတ်ချက်တွေရှိတယ်လေ။ အခုကျ ကန့်သတ် ချက်တွေ မရှိတော့ဘူး လေယာဉ်နဲ့လည်းသွားလို့ရနေပြီပေါ့’’ ဟု ၎င်းက 7Day Daily သတင်းစာအားပြောသည်။

အသစ်ထုတ်ပေးမည့် CI ကတ်များသည် လေးနှစ်သက်တမ်းရှိမည်ဖြစ်ပြီး ဗီဇာ ၂ နှစ် ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ဒီတစ်ခါ ထုတ်ပေးတာကတော့ အလုပ်သမားတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။ ကုန်ကျစရိတ် ကလည်း တော်တော်လေးနည်းပါတယ်။ ဒီကတ်က နယ်မြေကျော်ဖြတ်ပြီး သွားလို့လာလို့လည်းရတယ်လေ။ အရင် ကတ်တွေက နယ်မြေတစ်ခုနဲ့တစ်ခု ဖြတ်လို့မရဘူး’’ ဟု ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီ ဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းကပြောသည်။

မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်တွင် စခန်းတစ်ခုစီနှင့် မဟာချိုင်မြို့များတွင် စခန်းနှစ်ခု စုစုပေါင်း လက်မှတ်ထုတ်ပေးမည့် စခန်းခြောက်ခု ထားရှိမည်ဖြစ်ကြောင်း သိရ သည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနက် ငါးသိန်းကျော်သည် ပန်းရောင်ကတ်များ ကိုင်ဆောင်ထားပြီး ယင်းသည် တစ်နှစ်သက်တမ်းသာရှိကာ လာမည့် မတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထိုင်းရောက် မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI များ ရရှိအောင် ပြုလုပ် ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ မဟာချိုင်မြို့၌ ရွှေ့ပြောင်း မြန်မာလုပ်သားများနှင့် ဇွန်လ ၂၃ ရက်က လာရောက် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

# 7 Day Daily