အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ငါးနေရာခန့်တွင် စတင်ကျင်းပမည်

အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများကို ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး မတိုင်မီ နေရာငါးနေရာ ခန့်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အကြို ညှိနှိုင်းဆွေးနွေးပွဲများကို ဒီဇင်ဘာ အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ကျင်းပရန် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ လုပ်ငန်းအစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲစတင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး တစ်ပြေးညီ မကျင်းပ နိုင်သေးသော်လည်း ဖေဖော်ဝါရီ၌ ကျင်းပမည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ နေရာငါးခုခန့်တွင် ပြုလုပ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ညှိနှိုင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘‘၂၁ရာစု ပင်လုံဒုတိယ အစည်းအဝေးမတိုင်ခင် လေးငါးနေရာလောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ရှိပါ တယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လူမျိုး၊ ဒေသနှင့် အကြောင်းအရာအပေါ် မူတည်၍ ကျင်းပမည် ဖြစ်သည်။ ဒီဇင်ဘာအတွင်း အကြိုညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ပြီးသည်နှင့် လူမျိုးကိုအခြေခံသည့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အများဆုံး ကျင်းပနိုင်မည်ဟု ထင်မြင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။

‘‘ပွဲတွေက ဇန်နဝါရီလထဲမှာ ဆက်တိုက်ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ဖေဖော်ဝါရီမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ပြန်ခေါ်မယ်။ အဲဒီမှာ ရလာတဲ့ ရလဒ်တွေကို ပြန်တင်ပြမှာပေါ့’’ ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA ရေးထိုးထားသည့် အဖွဲ့များ၏ လုပ်ငန်းအစည်း အဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တာဝန်ရှိသူများနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

# 7 Day Daily


Leave a Reply