၂၁ ရာစု ပင်လုံဖွင့်ပွဲသို့ ညီလာခံကိုယ်စားလှယ်များအပါအဝင် လူဦးရေ ၁,၀၀၀ ကျော် တက်ရောက်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အရ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ညီလာခံ ကိုယ်စားလှယ်များအပါအဝင် လူ ၁,၂၀၀ ကျော် တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် များ၊ ညီလာခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ဥက္ကဋ္ဌများ၊ ကုလနှင့် တရုတ်အပါ အဝင် နိုင်ငံတကာသံတမန်များ တက်ရောက်သည်။

ညီလာခံတွင် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ NCA လက် မှတ်ထိုးအဖွဲ့များကိုယ်စား ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေး ဖိုး၊ နိုင်ငံရေးပါတီများကိုယ်စား ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်တို့က မိန့် ခွန်းပြောကြားသည်။

ယခု ၂၁ ရာစု ပင်လုံသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် မထိုးရ သေးသည့် တိုင်းရင်း သားလက်နက်ကိုင်ကိုးဖွဲ့ တက်ရောက်သည်။ NCA လက်မှတ်ထိုးအဖွဲ့များ သည် KNU, RCSS, CNF, ABSDF, ALP, KNU/KNLA (PC), DKBA, PNLO, NMSP နှင့် LDU တို့ဖြစ်သည်။

၂၁ ရာစု ပင်လုံသို့ တက် ရောက်သည့် NCA မထိုးရသေး သော အဖွဲ့များသည် UWSP/UWSA, NDAA, MNDAA, KIO, SSPP, TNLA, AA နှင့် KNPP တို့ဖြစ်သည်။ ထို့အပြင် နာဂအဖွဲ့ (NSCN-K)လည်း လေ့လာသူအ ဖြစ် တက်ရောက်သည်။

‘‘နိုင်ငံတစ်ခုရဲ့ အရေးဆို တော့ ချက်ချင်းလက်ငင်းကြီး တော့ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါ ခုရေတွင်းတူးပြီးတော့ ရေကြည် သောက်လို့တော့ မရဘူးပေါ့လေ။ ဒါဘာအလုပ်မဆိုပေါ့။ ဒါက Process နည်းနည်းတော့ ရှည်နေ ဦးမှာပါ။ အဲဒီလို့ပဲ ယူဆတယ်ခင် ဗျ’’ဟု NSCN-K ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဝမ်းစိန်က ဆိုသည်။

ထို့အပြင် ၁၉၄၇ ပင်လုံ ညီလာခံတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်များ၏ မိသားစုဝင်များလည်း ယခု ၂၁ ရာစု ပင်လုံအစည်းအဝေးသို့ တက်ရောက်သည်။ ၂၁ ရာစု ပင်လုံမှတစ်ဆင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ငြိမ်းချမ်းရေးရမည်ဟု မျှော်လင့် ကြောင်း ပင်လုံစာချုပ်တွင် ၁၇ ဦး မြောက် လက်မှတ်ရေးထိုးသူ ဒူဝါဇော်ရစ်၏ဇနီး ဒေါ်အယ်လ် ဂျာတောင်က ပြောသည်။

‘‘တိုက်ပွဲတွေကို အမြန်ဆုံး ချုပ်ငြိမ်းအောင်လုပ်နိုင်မယ်ဆို ရင် ငြိမ်းချမ်းရေးက အလွယ် တကူပဲ ရသွားမှာပါ။ ဆွေးနွေးမှု တွေထက် လက်တွေ့လုပ်ဆောင် မှုတွေကို တတ်နိုင်သမျှတော့ လုပ်သင့်တယ်လို့ မြင်တယ်လေ။ ပြည်သူတွေ၊ လူထုတွေမျက်နှာကို ရှေးရှုကြပါ။ ဆွေးနွေးမှုတွေ အဆင်ပြေကြပါစေ’’ဟု ၎င်းက ဆိုသည်။ ယခု အကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ဆွေးနွေးတင်ပြချက်များသည် ယခင်ညီလာခံထက် နည်းပါးသော် လည်းများစွာ အကျိုးကျေးဇူးရစေကြောင်း အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ညီလာခံ ပထမနေ့အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

‘‘မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့၊ ဒီလက်နက်ကိုင် ပဋိပက္ခတွေနဲ့ပတ် သက်လို့ ဘယ်လိုလျှော့ချမလဲဆိုတာကို သက်ဆိုင်ရာ အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတစ်ရပ် ကို ဒီညီ လာခံကို အကြောင်းပြုပြီးတော့မှ ကျွန်တော်တို့က ဆောင်ရွက်နိုင် တယ်ပေါ့’’ဟု ၎င်းက ဥပမာပေး ပြောကြားသည်။

မြောက်ပိုင်းခုနစ်ဖွဲ့သည် ဇူလိုင် ၁၁ ရက် မွန်းလွဲတွင် တပ် မတော်ခေါင်းဆောင်များနှင့် အဖွဲ့ခွဲ၍ ဆွေးနွေးခဲ့သည်။ ဇူလိုင် ၁၂ရက် (ယနေ့)တွင်လည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များမှ သုံးဖွဲ့နှင့် လေးဖွဲ့ခွဲ၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြော သည်။

‘‘လက်ရှိ တိုက်ပွဲတွေဖြစ်ပွား နေတဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်း မှုတွေ အဓိက ထားပြီး လုပ်ဆောင် ဖို့ ဆောင်ရွက်ထားပါတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ ကလည်း NCA တွင် ပါဝင်ခြင်း မရှိသေးသည့်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရေး တိုက်တွန်းမည်ဟု တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ် စားလှယ် ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။

‘‘ကျွန်တော်တို့ ဒီပွဲမှာ ရရှိလာမယ့် ရလဒ်တွေက အချက်ပေါင်းမများပေမယ့် ဒီညီလာခံက ကျင်းပရ ကျိုးနပ်တယ် ’’ဟု ၎င်းက ဆိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ ဟူသည့် ကဏ္ဍလေးရပ်မှ ညီလာ ခံတွင် ဆွေးနွေးမည့် အချက် ၁၄ ချက်ကို စာတမ်းတင်ပြခဲ့သည်။

ယင်းအချက်များကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ညီလာခံကိုယ်စားလှယ်များက ကဏ္ဍအလိုက်သော် လည်းကောင်း၊ အစုအဖွဲ့အလိုက် သော်လည်းကောင်း ဆွေးနွေးမည်ဖြစ်သည်။ ညီလာခံကို ဇူလိုင် ၁၆ ရက် အထိ ခြောက်ရက်ကြာကျင်းပရန် သတ်မှတ်ထားသည်။